ချင်းပြည်နယ်၊ မတူပီမြို့က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက် မတူပီမြို့နဲ့ ဆက်သွယ်ထားတဲ့လမ်းတွေကို ဇွန် ၂၀ ရက် မနေ့ကစတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ CDF-Matupi တပ်မဟာ ၂ က ထုတ်ပြန်ကြေညာပါတယ်။
CDF-Matupi တပ်မဟာ ၂ ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDFs) တွေဘက်က စစ်မျက်နှာ တိုးမြှင့်ထားပြီး မတူပီကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှာဖြစ်လို့ အများပြည်သူ ထိခိုက်နစ်နာမှု မရှိစေဖို့အတွက် အခုလို လမ်းတွေကို ပိတ်လိုက်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တဲ့ လမ်းတွေဟာ မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်းနဲ့ မတူပီ-လိုင်လဲန်းပီလမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
CDF-Matupi တပ်မဟာ ၂ တာဝန်ရှိသူတဦးက “ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာကြတဲ့ ပြည်သူတွေဟာ ကြီးလေးတဲ့ပြစ်ဒဏ် ခံယူရမှာ ဖြစ်သလို ခွင့်ပြုချက်မရှိဘဲနဲ့ ဖြတ်သန်းသွားလာရင်လည်း ကျနော်တို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပစ်မိန့်ပေးထားပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ အတိအကျ လိုက်နာကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
အခုရက်ပိုင်း ချင်းပြည်နယ်မှာ စစ်ရေးအရှိန်မြင့်နေပြီး စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ ၉ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့မြို့တွေကို ထပ်မံသိမ်းပိုက်နိုင်ဖို့ ဆောင်ရွက်နေကြကာ ချင်းတော်လှန်ရေးအဖွဲ့တွေဘက်ကနေ အာရက္ခတပ်တော် (AA) ကလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။