မြန်မာနိုင်ငံအတွင်း ပဋိပက္ခအရှိန်မြင့်လာချိန်မှာ လူသားချင်းစာနာမှုလိုအပ်ချက်တွေ မြင့်မားလာတာကြောင့် နိုင်ငံတွင်းက သက်ရောက်မှုရှိတဲ့သူတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေအတွက် နောက်ထပ် ယူရို ၁၅ သန်း ဥရောပသမဂ္ဂ (EU)က ထပ်တိုးထောက်ပံ့မယ်လို့ ကြေညာပါတယ်။
ဒီအထဲမှာ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာတွေအတွက်လည်း ပါဝင်ပါတယ်။ ဒီထပ်တိုးပေးအပ်တဲ့ အကူအညီကို ပဋိပက္ခကြောင့် အိမ်ကနေထွက်ပြေးရတဲ့ သူတွေအတွက် အသက်ကယ်အကူအညီတွေ ပေးအပ်ရာမှာ သုံးမှာဖြစ်ပြီး၊ အစားအသောက်၊ အမိုးအကာ၊ သန့်ရှင်းတဲ့ရေနဲ့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ရရှိအောင်ကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြေမြှုပ်မိုင်း နင်းမိနိုင်ခြေလျှော့ချဖို့လိုမျိုး အန္တရာယ်ရှိတဲ့ အခြေအနေတွေကနေ ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်အောင် ကူညီပေးရာမှာလည်း သုံးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဥရောပသမဂ္ဂ (EU) ဟာ မြန်မာအတွက် နှစ်စဉ်အကူအညီတွေ တိုးမြှင့်ပေးခဲ့ပြီး ၂၀၂၄ မှာ လက်ရှိအချိန်အထိ ယူရို ၃၆ သန်း ပေးအပ်ထားပြီးဖြစ်ပါတယ်။
EU ပဋိပက္ခ စီမံခန့်ခွဲရေး ကော်မရှင်နာမင်းကြီး ဂျဲနက်ဇ် လီနာစစ်ကတော့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေတိုးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေတွေကို သက်ဆိုင်သူအားလုံးလိုက်နာဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။