Home
မြန်မာသတင်း
KNU နယ်မြေတွင် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ သန်းကျော်ထိ ရှိလာ
DVB
·
June 21, 2024
Photo Crd-KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်အာဏာသိမ်းပြီးချိန်ကစတင်ကာ ပြီးခဲ့တဲ့ မေလကုန်အထိ ၃ နှစ်ကျော် ကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူ ၁ သန်းကျော်ထိ ရှိလာခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။

တပ်မဟာနယ်မြေ ၇ ခုထဲမှာတော့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်က နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၅ သိန်းနီးပါးနဲ့ အများဆုံးဖြစ်ပြီး တပ်မဟာ (၆) ဒူးပလာယာခရိုင်က ၁ သိန်းခွဲကျော်၊ တပ်မဟာ (၁) သထုံခရိုင်က ၁၄၀,၀၀၀ ကျော်စီနဲ့ အစဉ်လိုက်ရှိနေတာပါ။

လတ်တလောမှာတော့ ကော်သူလေအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသူတွေ တိုးပွားလာနေသလို အရေးပေါ်လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

KNU အနေနဲ့ကတော့ ပြည်သူ ၆ သိန်းကျော်ကို ကူညီနိုင်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူအားလုံးကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများရရှိအောင် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ ၃ သန်းကျော်ထိရှိလာပြီး ဒါဟာ ဆိုးဝါးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်လာတယ်လို့  ကုလသမဂ္ဂက ပြီးခဲ့တဲ့ လတုန်းက ထုတ်ပြန်ပါတယ်။

ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ၆ လတာအတွင်း ၅၀ ရာခိုင်နှုန်းလောက် သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုနက်ရှိုင်းတဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့အတူ ချောက်ကမ်းပါးထိပ်မှာ ရပ်တည်နေပြီး နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် စံချိန်တင်နေခဲ့တာပါ။

လက်ရှိ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ သန်းထဲက ၂ ဒသမ ၇ သန်းကျော် ကတော့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ပညာရေးနဲ့ အနာဂတ်ကို မှီခိုနေရတဲ့ ကလေးသူငယ်ဦးရေ သုံးပုံတပုံလောက် ပါဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013