သူ့ကို အညာသားလို့ ခေါ်ကြတယ်။ ဆိုင်ထဲက လုပ်ဖော်ကိုင်ဖက်တွေက အခုလိုပဲ ခေါ်ကြတာပါ။ ဆိုင်မန်နေဂျာကလည်း အညာသားလို့ ခေါ်တာ နှုတ်ကျိုးနေပါပြီ။ အညာဒေသက လာတဲ့သူတွေကို အညာသား၊ အညာသူရယ်လို့ပဲ ခေါ်ကြတာ များပါတယ်။
ဆိုင်တဆိုင်မှာ အညာသားနှစ်ယောက် ရှိရင်တော့ အကြီးနဲ့ အငယ် ခွဲခေါ်ကြပါတယ်။ အညာသားလေး၊ အညာသားကြီးပေါ့။ ဒီလိုမျိုး ဒေသကို အစွဲပြုပြီး ခေါ်ကြတာကိုလည်း ကာယကံရှင်တွေက လိုလိုလားလားနဲ့ပဲ လက်ခံကြပါတယ်။
သူတို့ဒေသကို အခုလို အသိအမှတ်ပြု ခေါ်တာကိုလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ လက်ခံကြတာ ဖြစ်ပါတယ်။ ဒီဆိုင်မှာတော့ သူနဲ့အတူ တခြားနယ်ခံတူ မရှိတော့ သူ့ကို အညာသားလို့ပဲ ခေါ်ကြပါတယ်။
ရန်ကုန်မြို့ရဲ့ လမ်းပိုင်းတခုမှာတော့ လွတ်လပ်စွာ ယစ်မူးဖို့အရေး ထိုင်ခုံနေရာလုနေကြတဲ့ လူအုပ်ကြီးကတော့ တိုးလို့မပေါက်နိုင်အောင် ရှိနေပါတယ်။ သူက အဲဒီလမ်းပိုင်းလေးထဲက ဆိုင်တဆိုင်မှာ အလုပ်လုပ်ရပါတယ်။
ကမ္ဘာတဖက်ခြမ်းမှာ လူအမြောက်အမြား သေဆုံးတဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပြီး ကမ္ဘာတဖက်ခြမ်းမှာတော့ ကမ္ဘာ့နာမည်ကြီး အဆိုတော်တဦးရဲ့ ဖျော်ဖြေတင်ဆက်ခြင်းကို ခုန်ပေါက်အားပေးတဲ့ လူအုပ်ကြီးက ရှိနေတဲ့အကြောင်း သတင်းစာမျက်နှာတွေပေါ်က ဖော်ပြကြတာတွေ ရှိခဲ့ပါတယ်။
အခုတော့ ကမ္ဘာတဖက်ခြမ်းစာလောက် အကွာအဝေးမရှိတဲ့ နိုင်ငံတနိုင်ငံတည်းမှာပင် တနေရာမှာ ထိခိုက်ပျက်စီး သေကျေတာတွေ ရှိနေပြီး တနေရာမှာတော့ တညနေစာ ယစ်မူးစွာနဲ့ အပန်းပြေစေဖို့ သူ့ထက်ငါဦးအောင် ထိုင်ခုံနေရာ လုနေကြတဲ့ မြင်ကွင်းကို တွေ့နိုင်ပါတယ်။
သတိထားပြီးကြည့်ရင် လမ်းပိုင်းတခုတည်းမှာပဲ ချောင်ပိတ် ရှင်သန်ပျော်မြူးနေသလိုပေါ့။ အဲဒီလမ်းပိုင်းကနေ ထွက်လိုက်တာနဲ့ ရထားဂိတ်၊ ကားဂိတ်၊ သင်္ဘောဂိတ်ကို သုတ်ခြေတင်နေကြတဲ့ လူအုပ်ကြီးကလည်း ရှိနေပြန်ပါတယ်။
သူက အညာဒေသရဲ့ ရွာတရွာကနေ ဒီ ၁၉ လမ်းမှာ အကြော်ဆရာအဖြစ်နဲ့ ဘဝကို ရုန်းကန်နေသူ။ ဒီနေရာမှာ အလုပ်လုပ်ခွင့်ရပေမဲ့ သူ့အတွက်တော့ လုံခြုံမှုရှိတယ်လို့တော့ မခံစားရဘူး။
အညာဒေသ မျဉ်းစောင်းမှတ်ပုံတင် ကိုင်ထားသူဆို ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးခြင်း ခံနေရချိန်မှာ သူ့အတွက် စိတ်မလုံခြုံမှုကတော့ ရှိနေတာ ဖြစ်ပါတယ်။ တဖက်မှာတော့ မှာသမျှ အကြော်အလှော်တွေကို လက်ရာကောင်းကောင်းနဲ့ ကြော်လှော်ပေးဖို့က သူ့တာဝန် ဖြစ်နေပြန်ပါတယ်။
၁၉ လမ်းလို နေရာမျိုးက လူပေါင်းစုံ၊ အမူအရာပေါင်းစုံ၊ ရည်ရွယ်ချက်တခုခုနဲ့ ရောက်လာတာတွေလည်း ရှိနိုင်ပါတယ်။ သူကတော့ ဘယ်သူ့ဘယ်သူရဲ့ မျက်နှာရိပ် မျက်နှာကဲကိုမှ အကဲခတ်မနေအားပါဘူး။ ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကျေပွန်ရေးကိုသာ အားစိုက်လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ ၁၉ လမ်းဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာ။ ကမ္ဘာကျော်တဲ့ လမ်းတလမ်းလို့လည်း ဆိုရမှာပါ။ ခေတ်ကာလကောင်းချိန်ကဆို ခရီးသွားလုပ်ငန်းမှာ နိုင်ငံခြားသား ခရီးသွားတွေကို မိတ်ဆက်ပေးရာ နေရာတွေထဲက တခုအပါအဝင်လည်း ဖြစ်ပါတယ်။
နာမည်ကြီး နိုင်ငံခြားသား ဘလော့ဂါတွေရဲ့ ယူကျူ့ချန်နယ်တွေမှာပါ ၁၉ လမ်းအကြောင်း မပါမဖြစ် နေရာတခုအနေနဲ့ ထည့်သွင်း ရိုက်ကူးတင်ဆက်ထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလမ်းထဲ စဝင်လိုက်တာနဲ့ အစားအသောက်တွေကို ကြော်လှော်ချက်ပြုတ်နေတဲ့ အနံ့ပေါင်းစုံ စရမှာဖြစ်ပါတယ်။ လမ်းရဲ့ တဖက်တချက်မှာတော့ ထိုင်ခုံနေရာအပြည့် ခင်းကျင်းထားပါတယ်။ ခင်းကျင်းထားတဲ့ ထိုင်ခုံတိုင်းလိုလိုမှာတော့ သူ့နေရာနဲ့သူ ပြည့်နေပါတယ်။ လမ်းလယ်မှာတော့ ထိုင်ခုံနေရာရှာတဲ့ လူအုပ်ကြီးက ခြေချင်းလိမ်နေပါတယ်။
အညာသားက ရန်ကုန်ရောက်တာ ဆယ်စုနှစ်တခုစာ မကတော့ပါဘူး။ ၁၉ လမ်းဆိုင်ကို ရောက်တာတော့ သိပ်မကြာသေးပါဘူး။ ဆိုင်မှာ သူ့တာဝန်က ကြော်လှော်ချက်ပြုတ်ပေးရတဲ့ အလုပ်ကို လုပ်ရပါတယ်။
စဖိုခန်းထဲမှာ အဓိကတာဝန်ယူ ချက်ပြုတ်ရတာ ဆိုပေမဲ့ စားပွဲထိုးတွေ လက်မလည်တဲ့ အခါမျိုးကျတော့ အေပရွန်ဝတ်ကြီးနဲ့ ချက်ပြုတ်ကြော်လှော်ထားတဲ့ ဟင်းပွဲတွေကို ဆိုင်ကိုလာတဲ့ ဧည့်သည်တွေရဲ့ စားပွဲခုံပေါ်အရောက် ပို့ပေးရတဲ့အခါမျိုးလည်း ရှိပါတယ်။
၁၉ လမ်းမှာ ညနေစောင်းအချိန်ကနေ ည ၁၂ နာရီအချိန်အထိ လူပြတ်တယ်ရယ်လို့ မရှိပါဘူး။ စားသောက်ပြီးလို့ ထွက်သွားကြသူတွေနဲ့ အသစ်ထပ်ရောက်လာတဲ့သူတွေ ထိုင်ခုံနေရာ မလပ်အောင် လာရောက်စားသောက်ကြတာ ဖြစ်ပါတယ်။
Lock Down သတ်မှတ်ချိန်မှာတောင် ၁၉ လမ်းက လူပြတ်တယ်ရယ်လို့ မရှိပါဘူး။ ညမထွက်ရ သတ်မှတ်ချိန်မှာတောင် ဆိုင်ထဲမှာ တိုးတိုးတိတ်တိတ် ညလုံးပေါက် ဧည့်သည်ရှိတတ်တာဆိုတော့ အညာသားတယောက် သူ့အလုပ်ချိန်ဟာလည်း ညဘက်မှ ဆင်းရတာ ဖြစ်ပါတယ်။ မနက်ဘက်မှာတော့ ညဘက် ပင်ပန်းထားသမျှ အတိုးချ အိပ်ရတော့တာပါပဲ။
ညတညရဲ့ အချိန်တဝက်လောက်က ၁၉ လမ်းမှာ လူစည်ကားနေတတ်ပါတယ်။ ခေတ်ကောင်းချိန်က ဆိုရင်တော့ ညလုံးပေါက် လူစည်ကားနေတတ်တာမျိုးပါ။
မနက်မိုးလင်းလို့ အလုပ်သွားကြတဲ့သူတွေဟာ ကားမှတ်တိုင်တွေမှာ စုရုံးရောက်ရှိလာကြပြီး လိုရာခရီးကို ပို့ဆောင်ပေးမယ့်ကားပေါ် ကြပ်ညပ်နေအောင် လိုက်ပါကြရတာပါ။ ဒီလို ကားမှတ်တိုင်တွေနဲ့ လမ်းမတွေပေါ်မှာ သက်ဝင်လှုပ်ရှားနေပေမဲ့ ၁၉ လမ်းကတော့ အိပ်မောကျနေတတ်ပါတယ်။ ညဘက်မှာ လာသမျှဧည့်သည်တွေကို ဧည့်ခံရတာဆိုတော့ မနက်ခင်းရဲ့ ကားဟွန်းတီးသံ တပွမ်ပွမ်ကြားမှာ တိတ်ဆိတ်နေတတ်ပါတယ်။
အညာသားတို့ဆိုင်မှာ လာရောက်စားသောက်ကြတဲ့ ဧည့်သည်တွေထဲမှာ လူစုံ အရွယ်စုံ ပါပါတယ်။ တခါတလေ အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို ချီပြီး အယ်လ်ကိုဟောကို မြိန့်မြိန့်ကြီး မော့နေသူတွေလည်း ရှိရဲ့။
ဆိုင်ကို အလာစိတ်တဲ့သူ ဆိုရင်တော့ မှတ်မိနေတာမျိုးပေါ့။ ရင်းနှီးလာတဲ့အခါ တယောက်အကြောင်း တယောက် ပြောမိတဲ့အခါမျိုးလည်း ရှိပါတယ်။ သူ့ကို တရင်းတနှီး စကားပြောကြတဲ့သူတွေကလည်း များပါတယ်။
တောသူတောင်သားတွေအဖို့ ရိုးရိုးသားသား အပြုအမူမျိုး ရှိထားသူဆိုတော့ သူ့ကို ရင်းနှီးချင်ကြတာဟာလည်း ဆန်းတော့မဆန်းပါဘူး။ သူ့ကို တရင်းတနှီး ပြောဆိုဆက်ဆံတာဆို သူ့ဘက်ကလည်း မခြွင်းမချန် ပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။
ရန်ကုန်တက်ပြီး အလုပ်လုပ်တဲ့ ရည်မှန်းချက်တွေထဲက သီးချိန်တန်သီး မှည့်ချိန်တန်မှည့်ဖို့ ဆိုတဲ့ အချိန်ကလည်း ရှိသေးတာဆိုတော့ အညာသားတယောက် သူမျှော်မှန်းထားတဲ့ အိမ်ထောင်ပြုခြင်း အမှုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလကနေ နိုင်ငံရေးမကောင်းတာပါ ဆက်ပြီး သူရည်မှန်းထားတဲ့အရာကို နေ့ရွှေ့ ရက်ရွှေ့ လရွှေ့ နှစ်ရွှေ့နဲ့ ချီတုံချတုံ ဆုံးဖြတ်ချက် မကျခဲ့တာတွေကို နောက်ထားပြီး ဒီတခါတော့ တူနှစ်ကိုယ်ဘဝ ထူထောင်ဖို့အတွက် နှစ်ဖက်မိဘတွေနဲ့ တိုင်ပင်ပြီး ရက်သတ်မှတ်လိုက်ပါတယ်။
မင်္ဂလာဆောင်ဖိတ်စာတချို့ကို ရွာပို့ပြီး တချို့ကိုတော့ လက်ထဲမှာပဲ ထားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်ဖို့အတွက်ပေါ့။
ကိုယ့်ဒေသကို ပြန်ခါနီးလေ စိတ်လက်ပေါ့ပါးလေလို့ပဲ ဆိုရမှာပါ။ အညာသားတယောက် စားဖိုခန်းထဲမှာ သီချင်းတကြော်ကြော်နဲ့ ပေါ့ပါးသွက်လက်စွာနဲ့ အလုပ်လုပ်နေပါတယ်။
သူ့အခြေအနေကို စောင့်ကြည့်နေသူတယောက် ရှိနေတယ် ဆိုတာကိုတော့ သူ မရိပ်မိပါဘူး။ သူ့ဆိုင်လာပြီး သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ချဉ်းကပ်လာသူဟာ စစ်ကောင်စီရဲ့ အကြီးစား ဒေါက်တိုင်တဦး ဆိုတာကိုလည်း သူ မသိရှာပါဘူး။
တခေါင်းလုံးနီးနီး ဆံပင်ဖြူနေတဲ့ လူတဦးဟာ အညာသားရဲ့ အပြုအမူကို ကြည့်ပြီး စကားစလာပါတယ်။
“ဒီလောက်ပျော်နေပုံပေါက်ရင် ဂျာကြီးက ဘောနပ်တခုခု ပေးတာများလား”
“မဟုတ်ပါဘူးဗျ ရွာပြန်တော့မလို့ပါ”
“ဘာလို့ ရွာပြန်မှာလဲ ရွာမှာ အလှူရှိလို့လား”
“ရွာမှာ မင်္ဂလာပြန်ဆောင်မလို့ဗျ။ တနှစ် တနှစ် ရွှေ့လာလိုက်တာ အခုတော့ ရက်သတ်မှတ်လိုက်ပြီလေ”
“မင်္ဂလာဆောင်ဆိုတော့ တို့တောင် မဖိတ်ဘူးလား”
“ဖိတ်ပါတယ်ဗျာ”
အညာသားတယောက် သူ့မင်္ဂလာဆောင်ဖိတ်စာကို အဲဒီ ခေါင်းဖြူနဲ့လူကြီးကို ပေးလိုက်ပါတယ်။ ဖိတ်လိုက်တဲ့သဘောလည်း သက်ရောက်သွားပါတယ်။ ထိုလူ ဘာတွေ အကြံဉာဏ်ထုတ်ထားသလဲ ဆိုတာတော့ သူ မသိလိုက်ပါ။
ရွာမှာတော့ အညာသားတယောက် သူ့မင်္ဂလာပွဲ အခမ်းအနားကို ဆင်နွှဲနေပါတယ်။ သူ့ကို ဖိတ်စာတောင်းသူကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပါတယ်။
သူ့စိတ်ထဲမှာတော့ မသိုးမသန့် ဖြစ်မိသွားပါတယ်။ သူ ပြောင်စေပြက်စေ သဘောမျိုး ဖိတ်စာပေးလိုက်တဲ့ သူတယောက်က သူ့မင်္ဂလာပွဲကို ရောက်ချလာလို့ ဖြစ်ပါတယ်။ သူနဲ့ အသည်းစား ခင်မင်ကြသူတချို့တောင် ဒီမင်္ဂလာပွဲကိုလာဖို့ အခက်အခဲရှိနေကြပြီး ဆိုင်ကိုလာတဲ့ သာမန်ဧည့်သည်တယောက်က အခုလို ခရီးဝေးကို ရောက်လာလိမ့်မယ်လို့လည်း သူ မထင်ထားပါဘူး။
မင်္ဂလာပွဲအခမ်းအနားက ပြီးရုံရှိပါသေးတယ်။ အပိုင်ရဲစခန်းက စခန်းမှူးနဲ့အတူ ရဲတပ်သားတချို့ မင်္ဂလာနေအိမ်ရှိရာကို ရောက်လာပါတယ်။ မင်္ဂလာပွဲရှင် သတို့သား သတို့သမီးနဲ့ မိသားစုဝင်တွေကို ရဲစခန်းလိုက်ခဲ့ကြဖို့ ပြောလာပါတယ်။ အကြောင်းရင်း တစုံတရာ မေးမြန်းခွင့်မရတဲ့အတွက် ဘယ်လိုအမှုအခင်းမျိုး ဖြစ်တာလဲ ဆိုတာကိုတော့ မသိကြသေးပါဘူး။
“စခန်းရောက်မှ ပြောကြတာပေါ့” ဆိုတဲ့ စကားတခွန်းသာ ကြားရပြီး အချုပ်ကားပေါ် လိုက်ပါသွားကြပါတော့တယ်။ အညာသားတယောက် ဘာများလုပ်ခဲ့တာပါလိမ့်လို့ တွေးပြန်တော့လည်း မပေါ်ပါဘူး။ တော်လှန်ရေးအတွက် တခုခု ပါဝင်ဖူးသလားဆိုတဲ့ သံသယကို အစရှာကြည့်တော့လည်း မရှိပြန်ပါဘူး။
ရဲစခန်းရောက်ရောက်ချင်း တွေ့လိုက်ရတဲ့သူက ဖိတ်စာရပြီး မင်္ဂလာပွဲလာတဲ့သူနဲ့ အတူပါလာတဲ့ အမျိုးသမီးပါ။
“သူ့ကို သိလား”
“မသိပါဘူး၊ မင်္ဂလာဆောင်ဖိတ်စာပေးခဲ့တဲ့သူနဲ့ အတူပါလာတဲ့ သူလို့ပဲ သိပါတယ်”
“သူနဲ့အတူပါလာတဲ့သူကိုတော့ သိတယ်ပေါ့”
“သူ့ကိုလည်း မသိပါဘူး။ သူက ကျနော်အလုပ်လုပ်တဲ့ဆိုင်ကို အမြဲလာတဲ့ ဧည့်သည်တယောက်ပါ။ ရွာပြန်မယ့်အကြောင်း ပြောတော့ မင်္ဂလာပြန်ဆောင်မှာ သူ့ကို မဖိတ်ဘူးလားလို့ ပြောတော့ ဖိတ်စာတစောင် ပေးခဲ့တာပါ။ သူ ဘယ်မှာနေတာလဲ ဆိုတာလည်း မသိပါဘူး။ အခုလို လာမယ်လို့လည်း မထင်ထားပါဘူး။”
အကြောင်းစုံခင်းပြတော့ ရဲအရာရှိက ခေါင်းကုတ်ပြီး “ဖိတ်စာပေးတာ အကြောင်းမဟုတ်ဘူး၊ အခုတော့ ငါတို့အလုပ်ရှုပ်ပြီ” ပြောပြီး သတို့သား သတို့သမီး အပါအဝင် ဖမ်းခေါ်လာသူတွေကို ပြန်လွှတ်ပေးပါတော့တယ်။
စစ်ကောင်စီရဲ့ အကြီးစားဒေါက်တိုင် သတင်းပေးတဦးဖြစ်တဲ့ အငြိမ်းစား တပ်မတော်အရာရှိဟောင်းတဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့တဲ့ အကြောင်း သတင်းထုတ်ပြန်လာပါတယ်။
မင်္ဂလာပွဲတခုကို အသုံးချပြီး စစ်ကောင်စီအတွက် သူဆောင်ရွက်ရမယ့် ကိစ္စနှစ်ခုကိုပါ ဆောင်ရွက်ပြီးသွားပြီ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ရန်ကုန်မြို့ရဲ့ အငှားကားမောင်းကြတဲ့ ကားဂိတ်တချို့မှာတော့ တီးတိုးပြောဆိုသံတွေ ထွက်ပေါ်လာပါတယ်။
“တတောရှင်းသွားပြီ၊ သေချင်တဲ့သူက သေရမယ့်နေရာကို အရောက်သွားပေးရတာပဲ၊ အငြိမ်းစားဘဝနဲ့ ကောင်းကောင်းမှမနေချင်တာ။”
တာပလု