မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စစ်ရေးပူးပေါင်းမှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး မြောက်ကိုရီးယားနဲ့ ရုရှား ဆက်ဆံရေးဟာ အဆင့်မြင့် မဟာမိတ်အဆင့်သစ်ကို တိုးမြင့်လာပြီလို့ ဇွန် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
ကင်မ်ဂျုံအန်းနဲ့ ပူတင်တို့ဟာ တိုက်ခိုက်မှုတွေ ကြုံလာရရင် နှစ်ဦးနှစ်ဖက် အပြန်အလှန် ကူညီကြမယ် ဆိုတဲ့ ကာကွယ်ရေး ကတိကဝတ်တွေပါတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမယ့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြုံယမ်းမှာ သမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံပြီးနောက် ရှားရှားပါးပါး သတင်းစာရှင်းလင်းပွဲတခုမှာ ကင်မ်က ပြောကြားခဲ့တာဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာတွေလည်း ပါဝင်တဲ့ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားခေါင်းဆောင်က ကြေညာခဲ့ပါတယ်။
ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းတို့ရဲ့ ဘုံအကျိုးစီးပွားနဲ့အညီ ဒေသတွင်းနဲ့ ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခိုင်ခိုင်မာမာ အကာအကွယ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်နိုင်မှာဖြစ်ပြီး သဘောသဘာဝအရ “ငြိမ်းချမ်းမှုကို မြတ်နိုးပြီး ခုခံကာကွယ်မှု” လို့ ခေါ်ဆိုနိုင်ကြောင်းလည်း ကင်မ်ဂျုံအန်းက ဆိုပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံစလုံးကို နိုင်ငံတကာက ဝိုင်းပယ်ထားကြချိန်မှာ ပူတင်ရဲ့ခရီးစဉ်ကို ဆိုးလ်နဲ့ ဝါရှင်တန်တို့က အနီးကပ် စောင့်ကြည့်နေပြီး သူတို့ရဲ့ စစ်ရေးဆက်ဆံမှု ကြီးထွားလာမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
မြောက်ကိုရီးယားရဲ့ အဓိက နိုင်ငံရေးနဲ့ စီးပွားရေး ကျေးဇူးရှင်ဖြစ်ပြီး မော်စကိုအတွက် ပိုအရေးကြီးတဲ့ မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ထူးထူးခြားခြား တုံ့ပြန်မှု မရှိသေးပါဘူး။
Source-Reuters