ဝင်ငွေမဲ့လို့ ရအောင်ရှာ၊
ရှာခါမှပဲ ပိုခက်ခဲ၊
CDM တွေပဲ။ ။
ကျမတို့ ပညာရေး CDM တွေထဲက တချို့ဟာ ဈေးသည်ဖြစ်သွားသူတွေလည်း ရှိကြပါတယ်။ ဝန်ထမ်းဆိုတာ ပုံမှန်ဝင်ငွေရှိတော့ တပတ်မှာ ဘယ်လောက်သုံးမယ်၊ တလဆို ဘယ်မျှကုန်တယ်၊ ဘယ်လိုစုမယ် စသည်ဖြင့် စားဝတ်နေရေးမှာ ပုံမှန်လည်ပတ်နိုင်သလောက် နေထိုင်လို့ရတဲ့ အခြေအနေကနေ ၂၀၂၁ ဧပြီလ နောက်ပိုင်းကစပြီး လစာမဲ့သွားကြလေတော့ အခက်ကြုံရတာတွေ အနည်းနဲ့အများ ရှိတော့တာပေါ့လေ။
သို့သော်လည်း CDM အများစုကတော့ အရင်ကတည်းက ဈေးရောင်းဖူးသူတွေ ဖြစ်လေတော့ “လစာမရ ဘာဖြစ်လဲ၊ ငွေလေး ၂ သိန်းကျော်များ ဂရုစိုက်မနေပေါင်၊ ဈေးရောင်းကောင်းရင် လစာ တလစာလောက်မက ရှာလို့ရတယ်၊ ငါဟဲ့ CDM ဆရာမ တဖြစ်လဲ ဈေးသည်ကြီး” အဲလို.... အဲလို ကြွေးကြော်ပြီး လစာကို ဂရုမစိုက်၊ အသက်ကို ပဓာနမထားဘဲ အမှန်တရားဘက်ကိုသာ ဆက်လက်ရပ်တည် တိုက်ပွဲဝင်မယ့် အာဂ CDM ဝန်ထမ်းတွေရယ်ပါ။ ဆပ်ပြာဆီ၊ ဆပ်ပြာခဲ စသည်ဖြင့် လုပ်ရောင်းသူတွေလည်း ရှိကြရဲ့၊ အထည် အဝတ်အစား ယူရောင်းသူကရောင်း၊ စက်ချုပ်တတ်သူတွေကလည်း ပေါ့ပေါ့ပါးပါး စပန့်သား အစလေးတွေဝယ် ချုပ်ရောင်းသူတွေလည်း တပုံတပင်၊ ဒူးနာ၊ ခါးနာ ပျောက်ဆေး အစရှိသဖြင့် ယူရောင်းသူကရောင်း၊ အသုပ်စုံ၊ မာလာဟင်း၊ မာလာယမ်ယမ်၊ ကျောက်ကျော၊ ဆနွင်းမကင်း စသည်ဖြင့် မုန့်မျိုးစုံ လုပ်ရောင်းသူလည်းရှိရဲ့၊ မွေးနေ့ကိတ်နဲ့ ပန်းစည်း (Bakery and Floral) သင်တန်းတက်ပြီး လုပ်ကိုင်သူလည်းရှိ၊ အလှပြင်ပစ္စည်း၊ သွားတိုက်ဆေး စသဖြင့် အဲ့သည်လို အသုံးအဆောင်ပစ္စည်း တိုလီမိုလီလေးတွေ လိုင်းပေါ်မှာ ယူရောင်းသူကရောင်း၊ MLM ထုတ်ကုန် cosmetics မျိုးစုံ ရောင်းသူလည်းရှိ၊ လောင်းကစားဒိုင် (ဘောလုံး၊ နှစ်လုံး၊ သုံးလုံး) တွေဆီမှာ စာရေး ဝင်လုပ်သူလည်းလုပ်၊ ကော်မရှင်စား ယူရောင်းသူကရောင်း၊ အမဲသား ငါး ဟင်းသီးဟင်းရွက် ဆိုင်ကယ်မှာချိတ်ပြီး အိမ်တိုင် ရွာရိုးရွာစဉ် လိုက်ရောင်းသူကရောင်း၊ ပန်းရန်၊ လက်သမား၊ အိမ်သာကျင်းတူး၊ ပေါင်းခုတ်၊ ပေါင်းနှုတ်၊ စပါးရိတ်၊ ပဲရိတ် စသည်ဖြင့် အလုပ်ကြမ်းလုပ်သူတွေလည်း ရှိပါတယ်။
မိသားစုများတဲ့ CDM အများစုက ရရာ အလုပ်ရှာပြီး ထမင်းမငတ်ဖို့ ရပ်တည်ရ၊ ကွမ်းယာခုံလေးချ ကွမ်း၊ ဆေးလိပ် ရောင်းနေတဲ့သူက ရောင်း (ဆရာဆိုတာ တပည့်တွေကို ကွမ်း၊ ဆေးလိပ် မသောက်ဖို့ ဆုံးမစကားပြောနေရတော့ မစားစေချင်တဲ့အရာကို ကိုယ်တိုင်ရောင်းနေရတဲ့ ဆရာ၊ ဆရာမတွေရဲ့ ခံစားချက်ကို စဉ်းစားကြည့်ပါ) အို၊ နေရာစုံမှာ ပစ္စည်းစုံအောင် ရောင်းနေကြတဲ့ CDM ဝန်ထမ်းများရဲ့ ဘဝတွေဟာ တကယ်တမ်းတော့ လက်တွေ့ဘဝမှာ ထင်ထားတာနဲ့ တခြားစီပါပဲရှင်။ ဈေးရောင်းကာစမှာ အဆင်ပြေသလိုရှိပေမဲ့ သုံးလေးငါးလ ကြာလာတဲ့အခါမှာတော့ မဝယ်ချင်လို့ လမ်းမှာတွေ့ရင် နှုတ်မဆက်ချင်ကြတဲ့လူတွေ၊ အွန်လိုင်းမှာဆို like မပေး၊ ကောမန့်မရေး၊ စာမပို့ ဆက်ဆံရေးတွေနဲ့ ဈေးဝယ်ရမှာစိုးလို့ စိမ်းကားသွားကြသူတွေ အစရှိတဲ့ အခက်အခဲတွေ စပြီး ကြုံလာရပြီ။
ဆရာပီသသူ အများစုက အားနာတတ်တယ်။ အခွင့်ရေးမယူဘူး။ မမှန်တာမလုပ်ဘူး။ အဲဒီလိုဆိုတော့ များသောအားဖြင့် တော်လှန်ရေးကာလမှာ ဈေးသည်လုပ်ရတာနဲ့ အဆင်ပြေမနေဘူးလေ။ ဆပ်ပြာဆီ ရောင်းသူကလည်း ကုန်ကြမ်းဈေးတက်တာက တမျိုး၊ ဆပ်ပြာဖျော်ရင်း စစ်ကြောင်းလာလို့ ပြေးရတော့ ဆုံးရှုံးသွားတာကတမျိုး၊ အစပိုင်း ရောင်းကောင်းတော့ အထင်ကြီးပြီး ဘူးရေများများ လုပ်ထားကာမှ ရောင်းမကောင်းလို့ ဆပ်ပြာဆီဘူး အလှထိုင်ကြည့်ပြီး ကြက်သားချက်လေး စားချင်တာတောင် ဝယ်မစားနိုင်တဲ့ ဘဝတွေကလည်း ရှိတယ်ရှင့်။
အထည်အဝတ်စားရောင်းသူ၊ ချုပ်ရောင်းသူနဲ့ အလှပြင်ပစ္စည်း ရောင်းသူတချို့လည်း အစပိုင်းတော့ အဆင်ပြေသလို ရှိပေမဲ့ လေးငါးခြောက်လ ကြာတဲ့အခါ အပိုကုန်ဆိုတော့ ဝယ်သူနည်းသွားတာက တကြောင်း၊ တချို့က တကြိမ်သာ အားပေးချင်လို့၊ လူကိုခင်မင်လို့ ဝယ်တာ၊ နောက်တော့ ဝယ်ဖို့ မစဉ်းစားကြတော့ အိမ်ထဲ ပစ္စည်းရှုပ်ရုံသာ အဖတ်တင်ပြီး ရှိစုမဲ့စုလေး ဈေးရင်းထဲပါပြီး စိတ်ညစ်နေသူတွေကလည်း တပုံတပင်နော်။ လောင်းကစားဒိုင်တွေဆီမှာ စာရေးဝင်လုပ်သူတွေကလည်း total မှားပို့မိလို့၊ ဂဏန်းမှားထည့်လို့၊ မ R မိလို့ စိုက်လျော်ရပြီး ရှိတဲ့ စုမိဆောင်းမိလေးတွေ ရောင်းချ ဖြေရှင်းကြရသူတွေလည်း ရှိရဲ့။
ရောင်းသူတွေကလည်း ကော်မရှင်ကြေးလေးနဲ့ အဆင်ပြေပြီး သုံးနိုင်တာကတဆင့် ဖြုန်းနိုင်လာတော့ “2d ရောင်းတာ နောက်ကျလိုက်တာဟယ်” ဆိုပြီး လောဘတွေတက်၊ ထိုးသားတွေ အကုန် လက်ခံရောင်း၊ နေ့ရှင်း၊ အပတ်ရှင်းဆိုပြီး အကြွေးပါရောင်း၊ ထိုးသားက အကြွေးမဆပ်လို့ ဒိုင်ကို စိုက်ပေးရတာနဲ့ ဒိုင်ကပြေးလို့ ထိုးသားကို စိုက်လျော်ရတာနဲ့၊ ငွေလိုတော့ ကြံရာမရနဲ့ ကိုယ်တိုင် ကံစမ်းရင်းနဲ့ လောင်းကစားကို စွဲသွားလို့ ဒုက္ခမျိုးစုံ ပင်လယ်ဝေပြီး ဘဝပါ ပျက်လုမတတ် ဖြစ်သွားကြတဲ့ CDM တွေလည်း အများကြီးရယ်ပါ။
ပန်းစည်းနဲ့ မွေးနေ့ကိတ် (Bakery and Floral) လုပ်ငန်း လုပ်သူတွေကလည်း သင်တန်းကြေးကကြီး၊ ပစ္စည်းဝယ်ရတာကလည်း အရင်းအနှီး များပါဘိနဲ့။ လုပ်ငန်း စမယ်ရှိသေး စစ်ကြောင်းကထိုး၊ ပြေးရ၊ အချို့ မီးရှို့ခံရ။ အဲဒီလိုအခြေအနေတွေ ကြုံရတော့ CDM တွေရဲ့ ကောက်ရိုးတမျှင်စာ ရပ်တည်ဖို့ အရာတွေက သဲထဲရေသွန်သလို ပျောက်ဆုံးပြီး စိတ်ဓာတ်တွေကျ၊ ဖြစ်သလိုရပ်တည်ပြီး ဘာလုပ်ငန်းမှ မလုပ်ရဲတော့တဲ့သူတွေကလည်း ဒုနဲ့ဒေး။ သား ငါး ဟင်းသီးဟင်းရွက် လည်ရောင်းရင်း ကံမကောင်းစွာနဲ့ စစ်ခွေးတွေ (ရုတ်တရက် စစ်ကြောင်းဝင်လာတဲ့ စစ်သားတွေ) ရဲ့ ရိုက်နှက်ဖမ်းဆီးပြီး ဆိုင်ကယ်မှာ ပါသမျှနဲ့ ဆိုင်ကယ်ပါ အဓမ္မအယူခံရပြီးမှ ကံကောင်းထောက်မပြီး အသက်မသေ ပြန်လွတ်လာတဲ့ လူတွေလည်း ရှိကြပါတယ်။ CDM လုပ်တာများ သိသွားမလားဆိုပြီး ဘယ်လောက် ကြောက်နေမလဲရှင်။ တွေးကြည့်ပြီး စာနာကြပါအုံး။
အသုပ်စုံ၊ မုန့်ဟင်းခါး၊ မာလာဟင်း စသည်ဖြင့် ရောင်းသူတွေကလည်း အစပိုင်းတော့ “ဝယ်ရမယ့်တူတူ CDM တွေဆီ အားပေးမယ်အေ” အဲလိုအပြောတွေနဲ့ အားရှိပါးရှိ ရောင်းရပါရဲ့။ ကြာလာတော့ ပြည်သူတွေကလည်း ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင်ဆိုတော့ သရေစာတွေ ဝယ်မစားနိုင်ကြတော့ဘူး။ ဝယ်စားနိုင်သူတချို့ကလည်း CDM ရောင်းတဲ့ဆိုင်ဆို အားပေးရင် အဖမ်းခံရမလားမသိ ဆိုတဲ့ ကြောက်စိတ်တွေနဲ့ အထင်မှား၊ အမြင်မှားတွေဖြစ်ပြီး CDM တွေကို ဝေးဝေးကနေ ရှောင်နေကြလေပြီ။ ဪ အရင်ကတော့ “ပြည်သူတွေက ကျွေးထားမှာဗျ” ဆိုပဲ။ ခုများတော့ဖြင့် သူစိမ်းတွေလိုပါပဲလားကွယ်။ ရောင်းတဲ့သူကလည်း အရင်လို ရောင်းရမယ်ထင်၊ မကုန်တော့ အလကားဖြစ်တာများ၊ တနေ့ ရောင်းရနိုး၊ ရောင်းကောင်းနိုးနဲ့ ဆက်ပြီးရောင်း၊ များမကြာမီ “မမင်းတုတ် အရင်းပြုတ်” ဖြစ်လို့သွား။
ဒီလိုနဲ့ CDM အများစုဟာ ဝင်ငွေမဲ့လို့ ရအောင်ရှာ၊ ရှာခါမှပဲ ပိုခက်ခဲတဲ့ဘဝတွေ ရောက်သွားကြတာ များပါတယ်။ အမျိုးသား CDM ဈေးရောင်းသူတချို့ဆို မရောင်းဖူးကြတော့ ဈေးရောင်းရတာကို ရှက်စရာလို့ အထင်မှားပြီး ရောင်းမယ်ကြံစည်ပြီး ဝယ်ပြီးခါမှ လုံးဝမရောင်းတော့ဘဲ ပစ္စည်းကို အရှုံးခံ ဖောက်သည်တွေဆီ ပြန်သွင်းရင်း ဒုက္ခပိုသွားတဲ့ သူတွေလည်း ရှိကြပါရဲ့ရှင်။ ဈေးရောင်းလို့ အရင်းပြုတ်ပြီး အဆင်မပြေသူတွေရှိသလို အဆင်ပြေသွားသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဆင်ပြေတယ်ဆိုတဲ့သူက အင်မတန် နည်းပါးပါတယ်။ လုပ်ငန်းသစ်တွေလုပ်လို့ အဆင်ပြေပြီး ဘဝပြောင်းလောက်အောင် ချမ်းသာသွားတဲ့ CDM တချို့ကိုလည်း မုဒိတာပွားမိပါတယ်။ လေးစားစရာကောင်းတာက ဘယ်လောက်ပဲ ခက်ခဲ ရုန်းကန်နေကြရပါစေ (စားဝတ်နေရေးအပြင် အသက်ပါ ထိခိုက်နိုင်တဲ့ အခြေအနေပါ)၊ ကျမတို့ ပညာရေးဌာန အပါအဝင် ဌာနပေါင်းစုံက CDM တွေဟာ “ရှေ့သို့ချီတက် ဆက်လက်တိုက်ပွဲဝင်ပြီး နွေဦးတော်လှန်ရေးကြီး အောင်မြင်သည်အထိ ဓမ္မကိုလိုလားသော ပြည်သူများနှင့်အတူ CDM သူရဲကောင်းတွေအဖြစ် ရပ်တည်လျက် ရှိနေပါကြောင်း ပြောပါရစေရှင်။
CDM အပေါင်းကို လေးစားလျက် . . .။ ။