ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ ART ဆေးပြတ်လပ်နေတဲ့ HIV ပိုးကူးစက်ခံနေရသူ အများစုဟာ ကျန်းမာရေးဆိုးရွားမှု နဲ့ကြုံတွေ့နေကြရပါတယ်။
ART ဆေးပြတ်လပ်နေတဲ့ HIV ပိုးကူးစက်ခံရသူတွေဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့မြို့နယ်တွေက ပါဝင်ပြီး ဒီအထဲက အများစုက ၄ လကြာတဲ့အထိ ဆေးပြတ်နေကြပြီလို့ သိရပါတယ်။
ART ဆေးကို အရင်ကလို တာဝန်ယူထုတ်ပေးမယ့်သူမရှိတာကြောင့် ဆေးပြတ်နေရတာဖြစ်ပြီး ဆေးရယူနိုင်ဖို့ကြိုးစားပေမဲ့ အဆင်မပြေဖြစ်နေရတယ်လို့ ကျောက်တော်မြို့နယ်က HIV ကူးစက်ခံရသူတဦးက ပြောပါတယ်။
"အရင်က ကျန်းမာရေးဌာနကထုတ်ပေးတယ်လေ။ အခုအဲ့လိုတာဝန်ယူဆေးထုတ်ပေး တာလည်းမရှိတော့ အရမ်းဒုက္ခရောက်ရတယ်။ ဆေးပြတ်နေတာ ၄ လလောက်ရှိလာပြီ။ မကြာမကြာလည်း နေထိုင်မကောင်းဖြစ်လာတယ်။ ဆေးရဖို့ စစ်တွေ၊ ရန်ကုန်တို့ ကို ဆက်သွယ်ကြည့်ပေမယ့် လမ်းခရီးမကောင်းတာ။ စရိတ်ကြီးတွေကြောင့် အဆင်မပြေဘူး။”
ART ဆေးကို အရင်က မြို့နယ်အလိုက်ကျန်းမာရေးဌာနတွေကနေ ၃ လတကြိမ် အခမဲ့ ထုတ်ပေးပေမဲ့ လက်ရှိမှာတော့ တိုက်ပွဲတွေ၊ ဌာနဆိုင်ရာတွေမလည်ပတ်နိုင်သေးတာတွေကြောင့် HIV ကူးစက်ခံရသူတွေ ဆေးပြတ်လပ်မှုနဲ့ကြုံနေကြရတာ ဖြစ်ပါတယ်။
ဆေးရရှိနိုင်မှုနဲ့ပတ်သက်လို့ အရင် ART ဆေး တာဝန်ယူထုတ်ပေးခဲ့သူ ကျန်းမာရေးဝန်ထမ်းတဦးကို မေးမြန်းကြည့်ရာမှာ "ဆေးကမြို့နယ်အများစုမှာပြတ်နေပါပြီ။ အဓိက တိုက်ပွဲဖြစ်ပြီးတဲ့ မြို့နယ်တွေပါတယ်။ ဒီမြို့နယ်တွေကျတော့ တာဝန်ယူလုပ်ဆောင်ပေးမယ့်သူ မရှိတာကြောင့် အခြေနေပိုဆိုးတယ်။ လူနာတွေဆေးရပြီလား လာမေးရင်စိတ်မကောင်းဖြစ်တာကလွဲပြီးမတတ်နိုင်ဘူး။ အခုလူနာတော်တော်များများက နေမကောင်းဘူးလို့ပြောလာကြတာတွေများတယ်" လို့ပြောပါတယ်။
ART ဆေးဟာ သွေးနဲ့ ကိုယ်တွင်းအရည်တွေထဲက HIV ပိုးအကောင်ရေတိုးမလာစေဖို့ကုသတဲ့ ကုထုံးဖြစ်ပြီး ART ဆေးမသောက်သုံးရတဲ့ HIV ရှိသူဟာ AIDS ရောဂါဖြစ်လာပြီး အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
လတ်တလောမှာ ရခိုင်က ဆေးပြတ်နေတဲ့ HIV ပိုးရှိသူ တချို့ကတော့ ကော်ထရွိုင်ကဲ့သို့ ပိုးသတ်ဆေးအမျိုးအစားတွေကို ဝယ်ယူသုံးစွဲကြတာတွေရှိနေကြပေမဲ့ ဆေးဝါးစျေးတွေ မြင့်လွန်းတာကြောင့် အများစုမှာ မဝယ်ယူနိုင်ကြသလို လက်ရှိဝယ်သုံးနေတဲ့ ပိုးသတ်ဆေးတွေဟာ ART ဆေးလို ထိရောက်မှုမရှိဘူးလို့ ပြောကြပါတယ်။