Home
မြန်မာသတင်း
မောင်တောတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်  ၆ ဦး ဒဏ်ရာရ 
DVB
·
June 20, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၁၈ ရက် နေ့လယ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အရပ်သား ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန် ၁၈ ရက်နေ့လယ် ၂ နာရီကျော်မှာ အောင်ဇေယျကျေးရွာကို ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ်လာရောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြကာ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။

“တိုက်ပွဲက မြို့မှာဖြစ်နေကြတာ ဒီရွာနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါကို စစ်ကောင်စီက အရပ်သားတွေနေတဲ့ရွာကို သီးသန့်လာပြီးပစ်သွားတာ။ ဒဏ်ရာကတော့ စစ်ရှောင်ရောက်နေကြတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးထိခိုက်သွားကြတယ်။ ဒဏ်ရာ ပြင်းထန်တဲ့သူ တဦးပါတယ်။ ရွာသားတွေကတော့ နောက်ထပ်လာပစ်မှာကို တော်တော်လည်းကို စိုးရိမ်မှု ရှိနေကြတယ်” လို့ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့  ဦးအောင်ကျော်ထွန်း (၅၀နှစ်)၊ ဒေါ်မဖြူစိန် (၅၃နှစ်)၊ မသန္တာစိုး (၂၅နှစ်)၊ မောင်စောနိုင်ထွန်း (၂၀နှစ်)၊ မသန်းသန်းစိုး(၁၇နှစ်)နဲ့  မလှညွှန့်အေး (၁၇ နှစ်) တို့ဖြစ်ကြပြီး သူတို့ဟာ အောင်ဇေယျကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ သက်လူမျိုးတွေ ဖြစ်ပါတယ်။

လက်ရှိမှာ မောင်တောမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ အကြားတိုက်ပွဲတွေ ပြင်းထန်နေကြပြီး မြို့တွင်းပိတ်မိနေသူ တချို့လည်းကျန်ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မောင်တောမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်လို့ ဇွန် ၁၆ ရက် ညနေ  ၉ နာရီ လောက်ကတည်းက မြို့အတွင်းက အမြန်ဆုံးထွက်ကြဖို့ကို AA ဘက်က အသိပေးထားတာရှိပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ နယ်ခြားစောင့် ရဲတပ်ရင်း ၈ ခုရှိတဲ့အထဲက AA က နယ်ခြားစောင့် စခန်း ၆ ခုအထိကို သိမ်းပိုက်ထားပြီး နခခ (၅) မြို့သူကြီးနဲ့ နခခ (၂) ၄ မိုင် တပ်ရင်းပဲကျန်ရှိတော့ကာ  အဲဒီတပ်ရင်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ မောင်တောမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို စစ်ကောင်စီနဲ့ ARSA အဖွဲ့တို့က ပူးပေါင်း ခုခံနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်က မြို့နယ်တွေမှာ အရပ်သားထိခိုက်သေဆုံးမှုဟာလည်း မြင့်တက်လာနေတာဖြစ်ပါတယ်။

ရခိုင်မှာ မြို့နယ် မောင်တော၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲနဲ့ အမ်းမြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြတာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ခုခံနေရတာလည်းဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013