ကိုလံဘီယာနိုင်ငံအတွင်း နေထိုင်နေတဲ့ အရွယ်မရောက်သေးသူတွေကို အုပ်ထိန်းထားတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၅၄၀,၀၀၀ လောက်အထိကို အစိုးရက တရားဝင်ခွင့်ပြုပေးသွားမယ်လို့ ကိုလံဘီယာနိုင်ငံရဲ့ ရွှေ့ပြောင်းနေထိုင်ရေးအေဂျင်စီက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
ဒီအမိန့်ဟာ အရင်အခါတွေတုန်းကလိုပဲ အထူးခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ဖြစ်ပြီး ဒါက အုပ်ထိန်းသူတွေ၊ ယာယီအကာအကွယ် ခွင့်ပြုချက်ရှိတဲ့ အရွယ်မရောက်သေးသူတွေအတွက် တာဝန်ရှိသူတွေနဲ့ ကိုလံဘီယာမှာ နေထိုင်နေသူတွေကို အခြေခံအားဖြင့် ပေါင်းစည်းပေးတာမျိုး ဖြစ်တယ်လို့ ကိုလံဘီယာရဲ့ ရွှေ့ပြောင်းနေထိုင်ရေး အေဂျင်စီမှ ဒါရိုက်တာ ကားလို့စ်ဖာနန်ဒို ဂါစီယာက ပြောပါတယ်။
တရားဝင် စာရင်းဇယားတွေအရ ကိုလံဘီယာမှာ လက်ရှိနေထိုင်နေတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၂ ဒသမ ၈ သန်းကျော် ရှိနေပြီး ဒီအစီအမံကလည်း ကိုလံဘီယာမှာ နေထိုင်ခွင့်ရှိတဲ့ အရွယ်မရောက်သေးသူ ၂၇၀၀၀၀ လောက်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ လူကြီးတွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။
ဒါဟာ ဗင်နီဇွဲလား ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေကို ဥပဒေ၊ စည်းမျဥ်းတွေနဲ့အညီ ပုံမှန်အတိုင်း ခွင့်ပြုပေးမယ့် ကိုလံဘီယာ သက်သေခံ စာရွက်စာတမ်းတခုဖြစ်တယ်လို့လည်း ရွှေ့ပြောင်းနေထိုင်ရေး အေဂျင်စီ ဒါရိုက်တာ ကားလို့စ် ဖာနန်ဒိုဂါစီယာက ပြောပါတယ်။
တခြားကိစ္စတွေ အများကြီးရှိတဲ့အထဲမှာ နိုင်ငံတော်မှ လူမှုရေးနဲ့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကို ရရှိနိုင်ပြီး အထူးသဖြင့် အရွယ်မရောက်သေးသူတွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး ဝန်ဆောင်မှုတွေကိုလည်း လက်လှမ်းမီနိုင်တယ်လို့ ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံဟာ သူတို့ဇာတိမြေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ ဗင်နီဇွဲလားနိုင်ငံသား သန်းပေါင်းများစွာအတွက် ရွေးချယ်စရာနေရာတခုဖြစ်ပြီး တခြားလူမျိုးတွေကတော့ အန်ဒီယန်နိုင်ငံကို တခြားနိုင်ငံတွေဆီသွားဖို့ ခုတုံးအဖြစ် အသုံးပြုကြတာပါ။
၂၀၂၁ ခုနှစ်တုန်းကလည်း အဲဒီအချိန်က သမ္မတ အိုင်ဗန်ဒူကေးရဲ့ အစိုးရဟာ ကိုလံဘီယာမှာ နေထိုင်ကြတဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေကို တရားဝင် ၁၀ နှစ် နေထိုင်ခွင့် ပေးမယ်လို့ ပြောကြားခဲ့ပြီး ဒါဟာ ရွှေ့ပြောင်းနေထိုင်သူ အများအပြားလုပ်ကြတဲ့ ကမ်းလှမ်းမှုလည်း ဖြစ်ပါတယ်။
Source: Reuters