စစ်အင်အားကသာ တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးကို ထိန်းထားနိုင်မှာဖြစ်ပြီး ထိုင်ဝမ်ပြည်သူတွေက တရုတ်ရဲ့ အကျပ်ကိုင်မှုကို လက်လျှော့မှာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ဇွန် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
သမ္မတတာဝန်ယူပြီးနောက် တလပြည့် သတင်းစာရှင်းလင်းပွဲမှာ လိုင်က ခုလိုပြောခဲ့တာပါ။
ထိုင်ဝမ်ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို နှစ်သက်ပေမဲ့ ထိုင်ဝမ်ကျွန်းဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရစေဖို့ “ခွန်အားကို အားကိုးဖို့ လိုနေတယ်” လို့ လိုင်က ပြောပါတယ်။
ထိုင်ဝမ်အစိုးရဆီ ဒရုန်းတွေနဲ့ ဒုံးပျံတွေ ခန့်မှန်းခြေ ဒေါ်လာ သန်း ၃၆၀ ဖိုးရောင်းဖို့ အမေရိကန်က အတည်ပြုပြီးတဲ့နောက် လိုင်က ခုလိုမှတ်ချက်ပေးခဲ့တာလို့ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်၊ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ ထိုင်ဝမ်ကြား တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ တရုတ်ပြည်မကြီး အစိုးရက ဒေါသထွက်ပြနေတဲ့ကြားက ထိုင်ဝမ်ကို သူ့ကိုယ်သူ ခုခံကာကွယ်ရေး နည်းလမ်းတွေ ပံ့ပိုးပေးဖို့ အမေရိကန်မှာ ဥပဒေအရ အကန့်အသတ်တွေ ရှိနေပါတယ်။
လိုင်ဟာ တရုတ်အစိုးရနဲ့ ဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပေမဲ့ တရုတ်အစိုးရက ပယ်ချတာ ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လက သမ္မတအဖြစ် လိုင်ချင်းတယ် စပြီး တာဝန်ယူပြီးတဲ့နောက် ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်ကစားတာတွေ အပါအဝင် ထိုင်ဝမ်ကို စစ်ရေးအရ ဖိအားပေးတာတွေကို တရုတ်က တိုးမြှင့်လုပ်ဆောင်နေပါတယ်။
Source-Reuters