Home
ရုပ်သံ
မှတ်ပုံတင်၊ ဖုန်းဆင်းမ်ကတ်နှင့် ဘဏ်အကောင့် ငှားရမ်းအသုံးပြုပါက အရေးယူမည်
DVB
·
June 19, 2024

မှတ်ပုံတင်၊ ဖုန်းဆင်းမ်ကတ်နဲ့ ဘဏ်အကောင့်တွေကို တခြားတယောက်ကို ငှားရမ်း အသုံးပြုစေတာ တွေ့ရှိပါက အရေးယူမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ မလွယ်ကူဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီက VPN ကို ဖုန်းထဲတွေ့ရင် အရေးယူ ငွေတောင်းတာတွေ လုပ်နေချိန်မှာပဲ ကိုယ့်ရဲ့မှတ်ပုံတင်၊ ဖုန်းဆင်းမ်ကတ်၊ မိုဘိုင်း payment အကောင့်နဲ့ ဘဏ်အကောင့်တွေကို မသက်ဆိုင်သူတွေဆီ ငွေကြေးနဲ့ရောင်းချတာ၊ ငှားရမ်းအသုံးပြုစေတာ တွေ့ရှိရင် အရေးယူခံရမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ကြေညာနေတာပါ။

အခုလို ကြေညာချက်တွေ ထုတ်ပြန်နေပေမဲ့ လက်တွေ့မှာ အရေးယူဆောင်ရွက်ဖို့ အချက်အလက် မှန်၊ မမှန် စစ်ဆေးဖို့တွေမှာ အခက်အခဲတွေ ရှိတဲ့အတွက် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ ခက်ခဲနိုင်တယ်လို့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“Bank side ကတော့ ဘာမှမထုတ်ထားသေးဘူး။ ဆင်းမ်ကတ်တွေ အမည်ပေါက်ကတော့ နယ်တွေဆို ပိုဆိုးတယ်။ ကေပေး စမိတ်ဆက်တဲ့ ရှေ့ပိုင်းတုန်းကဆို ဘဏ်တွေက customer တွေ ပိုရအောင်ဆိုပြီး တခြားသူမှတ်ပုံတင်တွေ၊ တခြားသူရဲ့ ဖုန်းဆင်းမ်ကတ်တွေနဲ့ ဖွင့်ပေးခဲ့ကြတာ ရှိတယ်။ အဲဒီအချက်အလက်တွေ အကုန်လုံးကလည်း ဘဏ်မှာပဲရှိမှာ။ ဘဏ်မှာရှိတဲ့ အချက်အလက်တွေ အကုန်လုံးကလည်း တိကျမှန်ကန်ဖို့ အချိန်ယူ စိစစ်ရမှာ ဖြစ်ပြီး mobile payment အကောင့် ဖွင့်ထားသူကိုယ်တိုင် ဘဏ်ကို အသိပေးမှသာ အချက်အလက်အမှန် ရရှိနိုင်မှာ။”

စစ်ကောင်စီက သာမန် အသုံးပြုသူ လူထုထက် တော်လှန်ရေးထောက်ပံ့နေသူတွေကို စုံစမ်းချင်တာဖြစ်ပြီး လတ်တလော အခြေအနေတွေအရ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို ငွေရဖို့ လမ်းခင်းပေးသလို ဖြစ်နေတယ်လို့ တော်လှန်ရေးဘက်မှ လူငယ်တယောက်က ပြောပါတယ်။

“သာမန် ရိုးရိုးသားသားသုံးနေတဲ့ ပြည်သူကတော့ သိပ်စိတ်ပူစရာမရှိဘူး ထင်တယ်။ ကိုယ့်အကောင့်မဟုတ်ဘဲ မိသားစုဝင်အကောင့်ပဲဖြစ်ဖြစ် သုံးနေတဲ့ အဲ့လိုလူတွေကျတော့ လမ်းသွားလမ်းလာတဲ့အခါ သတိထားရမယ်ထင်တယ်။ သူတို့အတွက် VPN စစ်သလို ငွေရပေါက်တခု ဖြစ်သွားနိုင်တယ်ပေါ့။ ဘဏ်တွေမှာတော့ အချက်အလက်တွေ ရှိတယ်ဆိုပေမဲ့ အကုန်လုံးတော့ သူတို့လိုက်နိုင်မှာ မဟုတ်ဘူးလေ။ သူတို့ ထောက်ပို့လို့ထင်တဲ့ သူတွေ၊ မသင်္ကာတဲ့ အကောင့်တွေလောက်တော့ စစ်နိုင်တယ်။ သာမန်ပြည်သူကတော့ စိတ်ပူစရာမလိုဘူး ထင်တယ်၊ ဂရုစိုက်စရာမလိုဘူး ထင်ပါတယ် သာမန်ပြည်ကတော့။ ဒါပေမဲ့ ဂရုတစိုက်တော့ နေကိုနေသင့်တယ်။ သူတို့က အရင်ကတည်းက တရားဥပဒေနဲ့ အလုပ်လုပ်တဲ့သူတွေ မဟုတ်ဘူးလေ။”

အခုလို နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာထဲ ထည့်သွင်းကြေညာတာက လူထုကို  ကြောက်လန့်အောင် ခြိမ်းခြောက်တဲ့သဘော ဖြစ်တယ်လို့ တခြားလူငယ်တွေကလည်း ပြောပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဘယ်လိုဥပဒေနဲ့ အရေးယူ ဆောင်ရွက်မယ် ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူထုကို နောက်ယောင်ခံလိုက်ဖို့နဲ့ အချက်အလက် အတိအကျတွေ စုဆောင်းဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ စောင့်ကြည့်သူတွေက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်ကတော့ အောက်တိုဘာလအတွင်းမှာ တနိုင်ငံလုံးရဲ့ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဇွန် ၁၅ ရက်မှာ ပြောဆိုထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013