Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် မဟန ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူ
DVB
·
June 20, 2024
ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်က နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာတဲ့ကားကို ဇွန် ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ဆရာတော်ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။

ဆရာတော်နဲ့နီးစပ်တဲ့ မန္တလေးမြို့ခံတဦးက “ဆရာတော်ကြီးက ပဲခူးကနေ ရန်ကုန်ကို ကြွသွားတယ်။ ရန်ကုန်ကနေတဆင့် မန္တလေးကို အစည်းဝေးတက်ဖို့ လေယာဥ်နဲ့ကြွသွားတာပါ။ မန္တလေးကို အရင်ရောက်နှင့်နေတဲ့ ရန်ကုန်ကန်သုံးဆင့်ဆရာတော်က ကားနဲ့ လေဆိပ်ကနေကြိုပြီး ဆွမ်းကပ်တယ်။ ပြီးတော့ ကန်သုံးဆင့်ဆရာတော်ရဲ့ဇာတိ ငါန်းဇွန်ဘက်ကို ကားနဲ့ဆက်ကြွကြရင်း လမ်းမှာ လုံခြုံရေးလှည့်ကင်းက စစ်သားတွေက ပစ်ခတ်ခဲ့တာပါ” လို့ ဒီဗွီဘီကို အတည်ပြုပြောပြပါတယ်။

အဆိုပါ ပစ်ခတ်ခံရတဲ့ကားပေါ်မှာ ၃ ဦးလိုက်ပါလာပြီး ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဟာ နေရာမှာတင် ပျံလွန်တော်မူသွားပြီး ယာဉ်မောင်းဖြစ်သူနဲ့ မန္တလေးကနေလာကြိုတဲ့ ကန်သုံးဆင့်ဆရာတော်ကတော့ ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့ သိရပါတယ်။

ကန်သုံးဆင့်ဆရာတော်နဲ့ နီးစပ်သူတဦးက “မြို့သာနဲ့ ပန်းချီကမ္မရွာကြားမှာ စစ်သားတွေက ရပ်ခိုင်းတာကို ဆက်သွားခိုင်းတယ်ထင်ပြီး ကားဆရာက ဆက်မောင်းသွားတာကို စစ်သားတွေက နောက်ကနေလှမ်းပစ်ခဲ့တာလို့ ဆရာတော်ကမိန့်ပါတယ်” လို့ ပြောပါတယ်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသရဲ့ ရုပ်ကလာပ်ကို တံတားဦးဆေးရုံကို ပို့ဆောင်ထားပြီး ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို ပြန်လည်သယ်ဆောင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ ပဓာနနာယက၊ ကျမ်းပြုဆရာတော် အရှင်မုနိန္ဒာဘိဝံသ ဟာ ပျံလွန်တော်မူချိန်မှာ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ  ရှိပြီဖြစ် ပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်လို့  စစ်ကောင်စီလက်အောက်ခံမီဒီယာတွေနဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ တိုက်ပွဲဖြစ်ပွားနေစဥ် PDF ဘက်ကပစ်ခတ်မှုကြောင့်လို့ စွပ်စွဲကြပါတယ်။

မန္တလေးတိုင်းသာသနာရေးဦးစီးမှူးရုံးရဲ့ အထက်အဆင့်ဆီကို ပေးပို့တဲ့စာမှာတော့ လုံခြုံရေး တပ်ဖွဲ့၀င်တွေရဲ့ ပစ်ခတ်မှုကြောင့်လို့ ဖေါ်ပြထားပြီး DVB အနေနဲ့ မန္တလေးတိုင်း သာသနာရေးဦးစီးမှူးရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာည်း “ကျနော်တို့ ရုံးကနေ နေပြည်တော်ကို ပို့တဲ့စာမှန်ပါတယ်။ ဖြစ်စဥ်ကလည်း စာထဲကအတိုင်းဟုတ်ပါတယ်” လို့ ပြန်လည် အတည်ပြု ဖြေကြားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013