စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မန္တလေး-မုံရွာလမ်းပေါ်မှာ ဇွန် ၁၉ ရက်၊ မနက် ၈ နာရီလောက် အရပ်သားအသွင်ယူပြီး မိုင်းရှင်းနေကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာတင် သေဆုံးသွားတယ်လို့ Aera 71 PDF တပ်ဖွဲဆီကနေ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ရာမှာပါ၀င်ခဲ့တဲ့ Aera 71 PDF တပ်ဖွဲ့၀င် ရဲဘော်တဦးက “အရင်ရက်တွေက ခရီးသွားပြည်သူတွေကို လမ်းပေါ်မှာ မိုင်းရှင်းခိုင်းပြီး ဒီနေ့ကျတော့ ေ-တွေက အရပ်၀တ်တွေနဲ့ပုံမှားရိုက်ပြီး မိုင်းရှာနေကြတာ။ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းပေါ် တည့်တည့်လည်း ရာက်လာရော မိုင်းဆွဲလိုက်တာ ေ- ၃ ကောင် နေရာမှာပင်ပွဲချင်းပြီး ငရဲအိုးဇောက်ထိုးဆင်းသွားလေရဲ” လို့ ပြောပါတယ်။
မန္တလေး-မုံရွာလမ်းပေါ်မှာ ဇွန် ၁၇ ရက်နေ့ကနေစပြီး ခရီးသွားနေကြတဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မိုင်းရှင်းခိုင်းနေတယ်လို့ Aera 71 PDF တပ်ဖွဲ့ရဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။
“ကျနော်တို့ရဲဘော်တွေ စောင့်ကြည့်နေတာဗျ။ စစ်ေ-တွေနဲ့ ပျူေ-တွေက ခရီးသွားလူစီးကားတွေကိုတားပြီး ခရီးသည်တွေကို မိုင်းရှင်းခိုင်းနေတာ။”
မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီရဲ့ ကြေးနီတင်ယာဉ်တန်းတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကတော့ ကြေးနီတင်ယာဉ်တန်းတွေအတွက် စစ်သားအင်အား တိုးမြှင့်ချထားတာတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကြေးနီတင်ယာဥ်တန်းကို ဇွန် ၁၈ ရက်၊ ညနေ ၅ နာရီ၀န်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကား ၁ စီးတိမ်းမှောက်ပြီး ယာဉ်မောင်းသေဆုံးသွားတယ်လို့ Dog Killers People's Defence Force Myinmu (DKPDF-MMU) ဆီကနေ သိရပါတယ်။
DKPDF-MMU ရဲ့ တာ၀န်ခံတဦးက “မုံရွာကနေ လုံခြုံရေးတွေနဲ့လာတဲ့ ခွေးတပ်က ၁၇ စီးပါတဲ့ ကြေးနီတင်ယာဥ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်းပေါ်က ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သားတွေဘက်က ပတ်၀န်းကျင်ကို ရမ်းသန်းပြး ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ကား ၁ စီးမှောက်သွားတာကိုတော့ မျက်မြင်တွေ့ခဲ့ရပါတယ်။ ေ-တွေဘက်က ရမ်းပစ်နေလို့ မြန်မြန်ပြန်ဆုတ်ခဲ့ရတယ်။ နောက်မှ အဲ့ဒီကား Driver သေတယ်ဆိုတာသိရတာပါ” လို့ မိုင်းဆွဲတိုက်ခိုက်မှုမှာ ပါ၀င်ခဲ့တဲ့ရဲဘော်တဦးက DVB ကို ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားကြပြီး DKPDF-MMU က ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဇွန် ၁၉ ရက် မနက် ၉ နာရီ၀န်းကျင်က တောင်အိုကျေးရွာမှာရှိတဲ့ စစ်ကောင်စီဂိတ်ကနေ ထန်းရည်သောက်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို လိုက်လံဖမ်းဆီးစဉ် လက်နက်ချပြီး ထွက်ပြေးသွားတဲ့အတွက် သေနတ် ၁ လက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ ဆီကနေသိရပါတယ်။
ပခုက္ကူခရိုင်တပ်ရင်း ၃ ရဲ့ ရဲဘော်တဦးက “အရင်နေ့တွေကတော့ အဖွဲ့လိုက်ထွက်လာနေကြ။ ဒီနေ့မှတယောက်တည်းထွက်လာတာ။ ကျနော်တို့တွေ အရှင်ဖမ်းမိဖို့ကြိုးစားတာကို အခွင့်ကောင်းယူပြီးတော့ သူမှာပါတဲ့ လက်နက်တွေချထားခဲ့ပြီး ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားကို ပခုက္ကူခရိုင်တပ်ရင်း ၃ စိုးမိုးနယ်မြေနဲ့ ထိစပ်နေတဲ့နယ်မြေရဲ့ တော်လှန်ရေးအဖွဲ့အစည်းတခုက ဖမ်းမိသွားတယ်လို့ သိရပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
“အမေစုရဲ့ ၇၉ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ပြုလုပ်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုဟာ အောင်အောင်မြင်မြင်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အကြမ်းဖက်စစ်ခွေးတွေက မတရာဖမ်းဆီးထားတဲ့ အမေစု အပါအဝင် အကျဉ်းချထားခံရသူတွေ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရအောင်လည်း အခြားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တော်လှန်ကဏ္ဍတွေကို ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမယ်ဆိုတာကို ကတိသစ္စာပြုလိုက်ပါတယ်” လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ ရဲ့ တာ၀န်ရှိသူတဦးက DVB ကို ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ချထားခဲ့တဲ့ MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုနဲ့ ၅.၅၆ ကျည် ၄၅ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။