ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းထားတဲ့ တောင်ညိုစစ်ကြောင်း ဆီကို ဇွန် ၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံတပ်ရင်းက ဗိုလ်ကြီး ၁ ဦး အလင်း၀င်ရောက်လာပါတယ်။
တပ်ထောက်မှူး ဗိုလ်ကြီးကျော်မြင့်လွင်ဟာ MA 3 သေနတ် ၁ လက်၊ ကျည် ၁၂၄ တောင့်၊ ကျည်ဘောက် ၃ ခု၊ အီနာဗုံး ၄ လုံး၊ MA 5 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၁၀ တောင့်တို့နဲ့အတူ အလင်း၀င်ရောက်လာဖြစ်ပါတယ်။
တောင်ညိုစစ်ကြောင်းရဲ့ တာ၀န်ခံတဦးက “ခလရ ၁၀၆ တပ်ရင်းက တပ်ထောက်မှူး ဗိုလ်ကြီးကျော်မြင့်လွင်က ကျနော်တို့စစ်ကြောင်းဆီကို အလင်း၀င်လာခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပြပါတယ်။
တောင်ညိုစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “အလင်း၀င်ရောက်လာတဲ့ ဗိုလ်ကြီးကျော်မြင့်လွင်ကို လုံခြုံစိတ်ချရတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်။ သူ့အတွက် နေထိုင်စားသောက်မှုအားလုံးအတွက်ကိုလည်း စီစဥ်ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောဆိုပါတယ်။
အမှတ် ၁၀၆ ခြေလျင်တပ်ရင်းဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာအခြေစိုက်တာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အလင်း၀င်ရောက်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၅ ရက်က ခလရ ၁၀၆ တပ်ရင်းကနေ စျေး၀ယ်ထွက်လာတဲ့ တပ်ခွဲမှူး ဗိုလ်မှူး သန်းနိုင်စိုးကို သူစီးနင်းလာတဲ့ကားအပါအ၀င် သေနတ် ၂ လက်နက်နဲ့အတူ ရေးပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။