အင်္ဂလန်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ချင်ရင် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အခန်းကဏ္ဍကို မဖြစ်မနေ ပြောင်းလဲသွားရလိမ့်မယ်လို့ နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ဆားဘီးယားနဲ့ပွဲစဉ် ပထမပိုင်းမှာ ဘောလုံးထိချက် နှစ်ကြိမ်သာရှိခဲ့ပြီး စိုးရိမ်စရာကောင်းတဲ့အချက်ဖြစ်ကြောင်း ထောက်ပြပါတယ်။
နည်းပြဆောက်ဂိတ်ဟာ ဟယ်ရီကိန်းကို မန်စီးတီးတိုက်စစ်မှူး ဟာလန်းလို ပြိုင်ဘက် ဂိုးပေါက်ရှေ့မှာပဲ နေရာချထားခဲ့ပြီး ဟယ်ရီကိန်းဆီကနေ စွမ်းဆောင်ရည် ၅၀ ရာခိုင်နှုန်းလောက်သာ ရရှိခဲ့တယ်လို့ ကာရေဂါက ပြောပါတယ်။
နည်းပြဆောက်ဂိတ် အနေနဲ့ တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ ဟယ်ရီကိန်းကို ကောင်းမွန်စွာ အသုံးချတတ်ဖို့ လိုအပ်ပြီး လက်ကျန်ပွဲစဉ်တွေမှာ အဲဒီလို မပြောင်းလဲနိုင်ခဲ့ဘူးဆိုရင် ဟယ်ရီကိန်းအတွက် ပိုမိုခက်ခဲသွားလိမ့်မယ်လို့ ကာရေဂါက ပြောပါတယ်။
ကိန်းကတော့ ဆားဘီးယားခံစစ်ရဲ့ အခြေအနေကြောင့်သာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေရဲ့ အခြေအနေကို လိုက်ပြီး ပြောင်းလဲကစားသွားမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ ဆားဘီးယားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ယူရိုအဖွင့်ပွဲစဉ်မှာ မျှော်လင့်သလောက် စွမ်းဆောင်ရည်မကောင်းခဲ့ဘဲ ကွင်းလယ်ကစားပုံဟာလည်း ကောင်းမွန်ခြင်းမရှိခဲ့တာပါ။
အင်္ဂလန်ကွင်းလယ်မှာ နေရာပြောင်းလဲကစားခဲ့တဲ့ နောက်ခံလူ အာနိုးလ်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာလည်း ဘောလုံးကျွမ်းကျင်သူတွေနဲ့ မီဒီယာတွေက မေးခွန်းထုတ်ခဲ့ကြ ပါတယ်။
နည်းပြဆောက်ဂိတ်ကတော့ အာနိုးလ်အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ လက်မခံခဲ့ဘဲ နေရာလွတ်တွေကို ပိတ်ဆို့ကစားနိုင်ခဲ့ကြောင်း ပြန်လည်တုံ့ပြန်ခဲ့တာပါ။
အာနိုးလ်ဟာ ကစားနေကျမဟုတ်တဲ့နေရာမှာ ကစားခဲ့ပေမဲ့ အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း၊ ကွင်းတွင်း စည်းကမ်း ကောင်းမွန်မှုကိုလည်း ပြသနိုင်ခဲ့ပြီး ချီးကျူးစရာ စွမ်းဆောင်ရည်ပြသနိုင်ခဲ့ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အာနိုးလ်ဟာ ဒိန်းမတ်နဲ့ အုပ်စုဒုတိယပွဲစဉ်မှာလည်း ဒက်ကလန်ရိုက်စ်နဲ့ တွဲဖက်ပြီး အင်္ဂလန် ကွင်းလယ်မှာ ပွဲထွက်ခွင့်ထပ်မံရရှိဖို့ ရှိပါတယ်။
Photo-Reuters