မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနောကျေးရွာမှာ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်ဘက်က ဒရုန်း ၃ စင်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (MMFD) ယဉ်ကျေးမှုရုံးနဲ့ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (MMFD) ရုံးနေရာ၊ ကျေးရွာရာအိမ်မှူးအိမ်အနီးနဲ့ လမ်းဆုံနေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “တိုက်ခိုက်ရေး ဒရုန်း ၃ စင်း တက်လာပြီး နေရာ ၃ နေရာကို ကြဲသွားတယ်။ MMFD ရဲ့ ယဉ်ကျေးမှုရုံး ခေါင်မိုးပွင့်သွားတယ်။ နောက် ရာအိမ်မှူးအိမ် ပျက်စီးသွားတယ်။ အရင် ဒရုန်းထိမှန်ပျက်စီးသွားတဲ့ အိမ်ရယ်၊ ၃ လုံး ပျက်စီးသွားတယ်။ လူတွေက စစ်ရှောင်နေတော့ ထိခိုက်သူမရှိဘူး” လို့ ပြောပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်တာဟာ ရှိနေတဲ့ဒေသခံတွေ လူထုတွေကို ကြောက်ရွံ့အောင် လုပ်ပြနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ အမြဲတမ်း လာရောက်ကြဲချတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
မတ် ၂၆ ရက် ည ၇ နာရီလောက်ကစပြီး စစ်ကောင်စီတပ်တွေဟာ ကော့ဘိန်းကျေးရွာကို နေရာစုံကနေ အင်အားဖြည့်တင်းပြီး ရေကြောင်းနဲ့ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တဲ့ အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂,၀၀၀ နီးပါးဟာ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA မဟာမိတ် ပူးပေါင်းတပ်တို့ နှစ်ဖက် ရင်ဆိုင်ထားပြီး မွန်-ကရင်နယ်စပ်က ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းတွေ ပိုမိုအသုံးပြုပြီး ဝေဟင်စိုးမိုးမှုတွေ လုပ်ဆောင်လာတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ် တွေဆီက သိရပါတယ်။
ဇွန် ၁၈ ရက်ကလည်း ကျိုက်မရောမြို့နယ် စံပယ်ဂူတံတားနား ကော့ပနာလမ်းစုံမှာ စစ်ဆေးရေး ပြုလုပ်နေတဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီကဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် PDF ရဲဘော်တဦးနဲ့ ပြည်သူတဦးတို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဂဌုန်စစ်ကြောင်းနဲ့ဒေသခံတွေထံက သိရပါတယ်။
ကျိုက်မရောမြို့နယ် ကျိုက်မရော-စံပယ်ဂူ-ကော့ပနာလမ်းပိုင်းမှာရှိတဲ့ စံပယ်ဂူ(အတ္တရံမြစ်ကူး) တံတားအနီး ကော့ပနာလမ်းစုံမှာ စစ်ဆေးနေတဲ့ PDF တပ်ဖွဲ့တွေကို ဇွန် ၁၈ ရက်နေ့ မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီက ဒရုန်နဲ့ဗုံးသီး ၂လုံးချတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် PDF ရဲဘော်တဦးနဲ့ အစစ်ဆေးခံနေတဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဂဌုန်စစ်ကြောင်းတပ်ရေးဗိုလ် ရဲဘော်ဘဲဥက “မနေ့က စပံဂူတံတားနားမှာ ပူးပေါင်းတပ်ဖွဲ့တွေ စစ်နေတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာ။ ရဲဘော်တဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာရတယ်။ ဒီနေ့လည်း ဒရုန်းနဲ့ဗုံးသီး ၅ လုံးထပ်ချတယ်။ အထိအခိုက်တော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။
ကျိုက်မရောဒေသခံတဦးက" စပံဂူတံတားနားမှာစစ်ဆေးရေးဂိတ်မှာ မော်လမြိုင်ဘက်က ပြန်လာတဲ့ အမျိုးသမီးတဦးကို စစ်ဆေးနေတဲ့အချိန် စစ်တပ်ကဒရုန်းနဲ့ ၂ လုံးကြဲတာ အဲ့အမျိုးသမီးကော စစ်ဆေးနေတဲ့ PDF ပါဒဏ်ရာရတယ်။ စိုးရိမ်စရာအခြေအနေတော့မရှိဘူး။ ဒရုန်းနဲ့ကြဲခံရပြီးတော့ လမ်းသွားလမ်းလာတောင်မရှိတော့ဘူး။ စစ်တပ်က အဲ့ဘက်ကို နေ့တိုင်းလိုလို ဒရုန်းနဲ့ကြဲတာတို့၊ ကင်းလှည့်လေယာဉ်တွေပတ်တာတို့ရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်ကလည်း စပံဂူတံတားနားမှာ စစ်ဆေးနေတဲ့ PDF အဖွဲ့ကို စစ်ကောင်စီက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဇွန် ၄ ရက်ကလည်း ကော့ဒွန်း-ကော့ပနာလမ်းကျေးရွာမှာတပ်ဆွဲထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။