မန္တလေးမြို့ပေါ်မှာ ဇွန် ၁၉ ရက်က စစ်ကောင်စီတပ်သားတွေက ပန်းပန်ထားသူ၊ ပန်းရောင်းဝယ်လုပ်နေသူတချို့နဲ့ ဝက်လက်မြို့ပေါ်က ပန်းပန်ထားသူ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ သာမန်ပန်းရောင်းသူနဲ့ ပန်းဝယ်သူတွေကို စစ်တပ်က ဖမ်းဆီးထားပြီး စစ်ကောင်စီတပ် လော်ဘီချန်နယ်တွေမှာ ပန်းသပိတ်ပါဝင်သူတွေကို ဖမ်းဆီးရမိထားတယ်လို့ သတင်းဖော်ပြထားပါတယ်။
မန္တလေးမြို့ပေါ်မှာ ပန်းပန်တာကြောင့် ဖမ်းဆီးခံထားရသူ ၁၀ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပြီး စစ်တပ်တယ်လီဂရမ်ချန်နယ်မှာလည်း မန္တလေးမြို့ပေါ်က ဖမ်းဆီးခံထားရသူ ၈ ဦးကို ပုံနဲ့တကွ ဖော်ပြထားပါတယ်။
မန္တလေးမြို့ခံ အမျိုးသမီးတဦးက “ပန်းသပိတ်ရှိတယ်ဆိုတော့ စစ်တပ်က ပန်းရောင်းသူ၊ ပန်းဝယ်တဲ့သူ တွေ့ရင် ဖမ်းထားတယ်၊ လိုင်းပေါ်ကနေ ပုံတင်ထားရင်လည်း ဖမ်းခိုင်းနေတယ်။ အပြင်သွားရင် ဂရုစိုက်စေချင်တယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်က ကား၊ ဆိုင်ကယ်တွေနဲ့ ပတ်နေပြီး ပန်းပန်ထားသူ ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်မြောက် မွေးနေ့အဖြစ် ပန်းသပိတ်ပြုလုပ်ကြတာကြောင့် စစ်ကောင်စီတပ်က ပန်းပန်ထားသူတွေကို သပိတ်ပါဝင်သူတွေလို့ ယူဆပြီး ဖမ်းဆီးနေတာလို့ သိရပါတယ်။