Home
မြန်မာသတင်း
ရန်ကုန်တွင် အချိုးကျရောင်းသည့် စားသုံးဆီ ဝယ်မရဖြစ်နေ
DVB
·
June 20, 2024
Photo - ဝေယံဦးကြည်

ရန်ကုန်က မြို့နယ်တွေမှာ သတ်မှတ်ဈေးနဲ့ အချိုးကျရောင်းချပေးနေတဲ့ စားသုံးဆီတွေဟာ ၂၀၂၄ ဇွန်လဆန်းပိုင်းကစပြီး လိုသလောက် ဝယ်မရဖြစ်နေတာကြောင့် ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးဝယ်ယူနေရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မရမ်းကုန်းမြို့ခံတဦးက “ဆီဝယ်လို့မရတာက ၅ လပိုင်း အကုန်လောက်ကတည်းက။ လိုသလောက် ဝယ်လို့ကိုမရတာ။ တရက်ခြားတခါ ‌တယောက်ကို ၂၀ သားပဲ ရောင်းတယ်။ ဒါတောင် ၁၀ သား ၁,၂၀၀၊ ၂၀ သား ၂,၄၀၀ ပေးရတယ်၊ ဈေးထဲမှာပေးရင်တော့ တန်းစီစနစ်နဲ့ပဲ ပြန်ဝယ်ရတယ်” လို့ ပြောပါတယ်။

မြန်မာဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ တပိဿာ ရည်ညွှန်းဈေးမှာတော့ ဇွန် ၃ ရက်မှ ၉ ရက်အတွင်း ၅,၃၄၅ ကျပ်၊ ဇွန် ၁၀ ရက်မှ ၁၆ ရက်အတွင်း ၅,၃၆၅ ကျပ်နဲ့ ဇွန် ၁၇ ရက်မှ ၂၃ ရက်အတွင်း ၅,၃၇၀ ကျပ် ဖြစ်ပါတယ်။

မြောက်ဒဂုံမှ ကုန်စုံဆိုင်ပိုင်ရှင်တဦးက “ဆိုင်ကြီးတွေ‌ကနေ ပုံမှန်မရောင်းပေးတာ။ ၁၀ ပိဿာတပုံးဆို အပြင်မှာ ၁၀၂,၀၀၀၊ အခု ၂,၅၀၀ ပေးဝယ်ရတယ်။ မတင်ထားလို့ကလည်း မရတော့ အတက်ဈေးနဲ့ပဲ ရောင်းနေရတာ” လို့ ပြောပါတယ်။

ပြည်တွင်းစားသုံးဆီ တပတ်စာရည်ညွှန်းဈေးကို နိုင်ငံခြားစားသုံးဆီဈေးနှုန်း ဖြစ်ပေါ်နေမှုတွေအပေါ် မူတည်ကာ အခြေခံတွက်ချက်တာဖြစ်ပြီး ရည်ညွှန်းဈေး သိသိသာသာ မတက်လာပေမဲ့ စားသုံးသူတွေဟာ ပြင်ပပေါက်ဈေးအတိုင်း ဈေးကြီးပေးဝယ်နေကြရတာ ဖြစ်ပါတယ်။

လက်လီရောင်းချမှုကို စားသုံးဆီအရင်းဈေးနှုန်းရဲ့ အမြတ်‌ငွေ ၁၀ ရာခိုင်နှုန်းထက် မပိုတဲ့ဈေးနဲ့ ပြင်ပမှာ ဖြန့်ချိရောင်းဝယ်ဖို့၊ လက်ကားကုန်သည်အရောင်းဆိုင်ကြီးတွေက အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အထွေထွေကုန်ကျစရိတ် ပေါင်းပြီးတဲ့ ဈေးနဲ့သာ ရောင်းချဖို့ကို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၄ ရက်ကတည်းက မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စာထုတ်ပြန်ထားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013