Home
နိုင်ငံတကာ
ထိုင်းရဲစခန်းကို မျောက်များဝင်ရောက်စီးနင်းသဖြင့် မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး 
DVB
·
June 20, 2024
Photo Crd- Khaosod

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်၊ ထာ့ဟင်နယ်မြေရဲစခန်းမှာ  ဇွန် ၁၉ ရက်က မျောက် အကောင်ရေ ၃၀ ကျော် လှောင်အိမ်ထဲကလွတ်ထွက်လာပြီး အနီးနားရှိ ထာ့ဟင်နယ်မြေရဲစခန်းနဲ့ ရပ်ကွက်ထဲကနေအိမ်တွေထဲ ဝင်ရောက်သောင်းကျန်းခဲ့ပါတယ်။

အိုက်ခယိုလို့အမည်ပေးထားတဲ့ မျောက်ထီးကြီးတကောင်ဟာ သူ့မိန်းမနဲ့ တပည့်တပန်းတွေကို ခေါ်ထုတ်ပြီး အရင်ကသူတို့ကို လိုက်ဖမ်းခဲ့ဖူးတဲ့ ထာ့ဟင်နယ်မြေရဲစခန်းကို ဝင်ရောက် စီးနင်းခဲ့တာလို့  ထိုင်းသတင်းဌာနတခုက တင်စားဖော်ပြပါတယ်။

ရဲစခန်းနဲ့ မနီးမဝေးမှာ မျောက်လှောင်အိမ်တခုရှိပြီး အဲဒီလှောင်အိမ်ဟာ  လေလွင့်သောင်းကျန်းနေတဲ့မျောက်တွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ မနိုရာလို့အမည်ပေးထားတဲ့ မျောက်လှောင်အိမ်ထဲမှာ မျောက်အကောင်ရေ ၃၀၀ ခန့်ရှိပြီး မနေ့က အကောင် ၃၀ ကျော် လွတ်ထွက်လာတာဖြစ်ပါတယ်။

အဆိုပါမျောက်တွေဟာ ရဲစခန်းနံရံ၊ ခေါင်မိုးနဲ့ ဝရံတာတွေမှာတွယ်တက်နေကြပြီး တချို့က ဓာတ်ကြိုးကိုဟိုဒီလွှဲကာ ဆော့ကစားနေကြပါတယ်။

ရဲစခန်းထဲက တာဝန်ရှိသူတွေလည်း စခန်းတံခါးပေါက်နဲ့ ပြတင်းပေါက်တွေ ပိတ်လိုက်ရပြီး  မျောက်လှောင်အိမ်ထဲက တာဝန်ရှိသူတွေနဲ့အတူ အချိန်နာရီပေါင်း  ၃၀ ကျော်  လိုက်လံဖမ်းဆီးခဲ့ရပါတယ်။

တချို့မျောက်တွေဟာ သစ်ပင်ပေါ်တက်ဆော့ပြီး ဟိုကိုင်းဒီကိုင်းကူးနေလို့ တာဝန်ရှိသူတွေက မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။ သေနတ်ပစ်ခံရလို့ သစ်ကိုင်းမှာခံနေတဲ့ မျောက်တွေကိုတော့   တာဝန်ရှိသူတွေက သစ်ပင်ပေါ်တက်ဖမ်းပြီး ကရိန်းခြင်းထဲ ထည့်သယ်လာရပါတယ်။

လောလောဆယ် မျောက်အကောင်ရေ ၂၀ ကျော်ဖမ်းမိထားပြီး ကျန်တဲ့မျောက်တွေ အားလုံးမိအောင်ပြန်ဖမ်းပေးမယ်၊  ရပ်ကွက်နေပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့  တိရိစ္ဆာန်ထိန်းသိမ်း ရေးဌာနက ပြောထားပါတယ်။

၆ လက်မလောက်တောင်မရှိတဲ့ လှောင်အိမ်နံရံအပေါက်သေးသေးလေးကို ရအောင်ချဲ့ပြီး ထွက်ပြေးလွတ်မြောက်နိုင်တဲ့ မျောက်ခေါင်းဆောင်ကို အံ့ဩနေသလို လှောင်အိမ်ကို ပိုမိုခိုင်ခံ့ အောင် ပြင်ဆင်သွားမယ်လို့  တာဝန်ရှိသူက ပြောသွားပါတယ်။ 

Sources:ThaiPBS / Thairath 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013