တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ပြင်းထန်တဲ့ အပူလှိုင်းအတွင်း တရုတ်တောင်သူလယ်သမားတွေဟာ ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ရှန်တုံးပြည်နယ်မှာ အခုနှစ် နွေစိုက်ပျိုးရာသီ ပန်းသီး၊ မက်မွန်သီး၊ သစ်ကြားသီးနဲ့ အနက်ရောင် ငရုတ်ကောင်းတို့ကို စိုက်ပျိုးခဲ့တဲ့ အသက် ၇၀ အရွယ် လယ်သမား လျိုဟာ ပုံမှန်မဟုတ်ဘဲ စောပြီး ကာလကြာတဲ့ အပူလှိုင်းကြောင့် သီးနှံ ၉၀ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“အဲဒါက အလွန်အင်မတန်ပြင်းထန်တယ်။ ငယ်ငယ်ကတည်းက မှတ်မိသလောက် (ဒီလိုဆိုးတာ တခါမှ မမြင်ဖူးဘူး)” လို့ လျိုက ပြောပါတယ်။
“၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း မိုးခေါင်ရေရှားခဲ့ဖူးပေမဲ့ အခုနှစ်လို မခြောက်သွေ့ဘူး၊ အဲဒီတုန်းက နွေဦးရာသီမှာ တခါနှစ်ခါလောက် မိုးရွာနေသေးပေမဲ့ ဒီနှစ်မှာတော့ တကြိမ်တောင် မရွာဘူး” လို့ လျိုက ပြောပါတယ်။
ဂျုံစိုက်ပျိုးတဲ့ ဟော့ပေး၊ ဟီနန်နဲ့ ရှန်တုံးပြည်နယ်တွေရဲ့ တချို့နေရာတွေမှာ အပူချိန်က ၄၄ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိနိုင်ပြီး ဇွန်လအတွက် သမိုင်းဝင် စံချိန်တွေကို ချိုးနိုင်တယ်လို့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက ပြောပါတယ်။
အခုလအစောပိုင်းမှာ ရှန်တုံးပြည်နယ် ကျိနန်မြို့ဟာ အမြင့်ဆုံး အပူရှိန်သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး တချို့နေရာတွေမှာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ ရောက်မယ်လို့ ဒေသခံတွေကို သတိပေးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ရေးရာဝန်ကြီးဌာနက ဟော့ပေး၊ ရှန်ရှီး၊ ရှန်တုံးနဲ့ ဟီနန်ပြည်နယ်တွေမှာ မိုးခေါင်ရေရှားမှုအတွက် အဆင့်-၃ အရေးပေါ်တုံ့ပြန်ချက်တရပ်ကို ဇွန် ၁၇ ရက်က စတင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။
မြောက်ဘက်တလွှား ကျယ်ကျယ်ပြန့်ပြန့် မိုးခေါင်နေပြီး တောင်ဘက်တလွှားမှာ ရေလွှမ်းနေတာကို တုံ့ပြန်တဲ့အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုတည်ငြိမ်ရေးတို့ကို ကာကွယ်သွားဖို့ သမ္မတ ရှီကျင့်ဖျင်က ဗုဒ္ဓဟူးနေ့မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
Source-Reuters