ရုရှားရဲ့ မြောက်ပိုင်းရေတပ်က ဘားရန့်ပင်လယ် စစ်ရေးလေ့ကျင့်မှု တစိတ်တပိုင်းအဖြစ် နျူကလီးယား ရေငုပ်သင်္ဘောတွေကနေ ခရုဇ်ဒုံးကျည်တွေကို ပင်လယ်ပစ်မှတ်တွေဆီ ပစ်လွှတ်ခဲ့တယ်လို့ ရေတပ်သတင်း ထုတ်ပြန်ချက်ကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဇွန် ၁၉ ရက်မှာ ဖော်ပြပါတယ်။
မြောက်ပိုင်း ရေတပ်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ခရူဆာတွေဟာ ဘားရန့်ပင်လယ်ထဲက ပင်လယ်ပြင် ပစ်မှတ်တွေကို လက်တွေ့ကျကျ ပစ်ခတ်ခဲ့တယ်လို့ ရေတပ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားရေတပ်ရဲ့ ပစိဖိတ်ရေတပ် အုပ်စုကလည်း ပစိဖိတ်သမုဒ္ဒရာ ရေပြင်၊ ဂျပန်ပင်လယ်နဲ့ အော့ခ်ဟို့စ်ခ်ပင်လယ်တို့မှာ ဇွန် ၁၈ ရက်ကနေ ၂၈ ရက်အထိ စစ်ရေးလေ့ကျင့်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်မှာ ပြောပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ သင်္ဘော၊ လှေနဲ့ ထောက်ပံ့ရေးရေယာဉ် အစီး ၄၀ လောက်၊ တာဝေးပစ် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ် Tu-142 M3၊ IL-38 နဲ့ IL-38N တို့အပြင် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ အပါအဝင် ရေတပ်လေယာဉ် အစီး ၂၀ လောက် ပါဝင်ပါတယ်။
Source-Reuters