တရုတ် - မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ပန်ဝါမြို့အနီး ဇွန် ၁၉ ရက် ည သန်းခေါင် ၁၂ နာရီလောက်က မြေရှားသတ္တုတွင်းမြေပြိုလို့ လူအယောက် ၅၀ လောက် မြုပ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပန်ဝါ ပါထိုင်ဟော်ဆိုတဲ့နေရာအနီး ဇခုန်တိန့်ယိန်းနဲ့ ဇခုန်ယိမ်းဆောင်ဝ် တို့နှစ်ဦးပိုင်ဆိုင်တဲ့ မြေရှားသတ္တုတူးဖော်တဲ့နေရာ ပြိုကျတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “သတ္တုအခြောက်တူးတဲ့နေရာ ၂ ခု အဲလို မြေပြိုပိသွားတယ်။ ဟိုမှာ ဟိုဘက်ထိတောင် ရောက်တယ်။ မနေ့ညက မြေပြိုတာ အောက်ဘက်ထိတောင် မြုပ်သွားတယ်။ သတ္တုတူးတဲ့ ဆိုဒ်ဘက်ခြမ်း အကုန်ပါသွားပြီ”လို့ ပြောပါတယ်။
နောက်ထပ်ဒေသခံ အမျိုးသမီးတဦးကလည်း “လူတွေ အိပ်နေတာ တယောက်မှတောင် မကျန်ဘူး။ မြေတွေ အကုန် ပြိုကျ ပိကုန်တာ။ ဒီနေ့တော့ အလောင်းတွေ တူးထုတ်နေတာ မနားမနေပဲ”လို့ ပြောပါတယ်။
တဲတွေ၊ အိမ်တွေတောင် မပေါ်တော့အောင် အကုန်လုံး မြုပ်သွားလို့ လူတွေလည်း ထွက်မလာတော့ဘူးလို့ ပြောပါတယ်။
လူအယောက် ၅၀ လောက် ပါသွားတယ်လို့ သိရပြီး ပုံတွေ လိုင်းပေါ်တင်မှာ စိုးလို့ ဖုန်းတွေ အကုန် သိမ်းထားတယ်လို့ ဒေသခံက ပြောပါတယ်။
မြေရှားသတ္တုတူးတဲ့ နေရာတွေမှာတော့ မြေကြီးတွေ ဆန်ကာလို အပေါက်တွေ ဖြစ်နေတာကြောင့် မြေပြိုဖို့ လွယ်တာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ဇွန် ၁၈ ရက်ကလည်း မိုးကြီးလို့ မြေပြိုပြီး လိုင်ဇာအနီး ရှအစ်ယန်စစ်ရှောင်စခန်းက စစ်ရှောင်နေအိမ် ၁ အိမ် မြေပြိုပိမိသွားပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက် မနက် ၄ နာရီလောက်က ချီဖွေမြို့ကနေ ၈ မိုင်ခွဲ အကွာမှာရှိတဲ့ မျောမောရွာမှာ မိုးသည်းထန်လို့ တောင်ကျချောင်းရေကြီးလာတာကြောင့် နေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူ ၂၀၀ ကျော် ရေဘေး ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
Pra Jaw