Home
မြန်မာသတင်း
အိန္ဒိယထောင်တွင်းက မြန်မာဒုက္ခသည်များကို စစ်ကောင်စီကတဆင့် ပြန်မပို့ရန် တောင်းဆို
DVB
·
June 20, 2024

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွင်းမှာ သွားရောက်ခိုလှုံရင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီကတဆင့် မြန်မာနိုင်ငံအတွင်း ပြန်မပို့ဖို့ အရပ်ဘက်အဖွဲ့အစည်း ၄ ခုဖြစ်တဲ့ India for Myanmar၊ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု၊ မြန်မာ့ဒီမိုကရေစီ ကာကွယ်မြှင့်တင်ရေး လှုပ်ရှားမှုနဲ့ စစ်ငြိမ်းပန်း ဖောင်ဒေးရှင်းတို့က ဇွန် ၁၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ဒုက္ခသည် ၂၇ ဦးနဲ့ မဏိပူရ်ပြည်နယ်မှာ ၂၀၉ ဦးတို့ ဖမ်းဆီးထောင်ချခံထားရတယ်လို့ သိရပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာထောင်တွင်းက အကျဉ်းသားတွေ ဇွန် ၁၆ ရက်ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပြီး ဇွန် ၁၇ ရက် ညနေမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အင်ဖာထောင်အတွင်းက အကျဉ်းသားအများစုဟာ သူတို့ကျခံရမယ့် ပြစ်ဒဏ် ငွေဒဏ်တွေ ကျခံပြီးပေမဲ့ ထောင်တွင်းမှာ နှစ်ချီ ဆက်လက်ထိန်းသိမ်းခံထားရသူတွေ ဖြစ်ပါတယ်။

India For Myanmar အဖွဲ့ တာဝန်ရှိသူ ဆလိုင်းဒိုခါရ်က “အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ အများစုကတော့ မြန်မာပြည်ပြန်ပို့ရင် မလုံခြုံမှုတွေရှိတယ်။ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာ ဒီဘက်ဝင်လာသူတွေက ကျောင်းသား CDM၊ ဆရာ ဆရာမ CDM၊ ဝန်ထမ်း CDM တွေနဲ့ စကစဘက်က အမှုစွပ်စွဲနိုင်ခြေရှိတဲ့လူတွေ ပါဝင်တယ်။ တချို့ကတော့ ပြန်စရာအိမ်မရှိဘူး။ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုရတဲ့ အဓိကတောင်းဆိုချက်ကတော့ အမြန်ဆုံးလွှတ်ပေးဖို့ပေါ့။ လွှတ်ပြီးရင်လည်း မြန်မာပြည်ပြန်ပို့ဖို့ မသင့်တဲ့သူတွေကိုတော့ ပြန်လည်စိစစ်ပြီး အိန္ဒိယပြည်ထဲမှာ လူသားချင်းစာနာခွင့်ပေးဖို့က ကျနော်တို့ရဲ့ အဓိကတောင်းဆိုချက်ပါ” လို့ DVB ကို ပြောပါတယ်။

ထောင်တွင်းမှာ သောက်ရေသန့်မရတဲ့အတွက် သန့်စင်ခန်းအတွင်းကရေကို သောက်သုံးရေအဖြစ် အသုံးပြုရတာ၊ အစားအစာ အခက်အခဲကြုံရတာ၊ အကျဉ်းသားတွေ ကျန်းမာရေး ဆိုးရွားတာ၊ တပတ်မှာ တကြိမ် နှစ်ကြိမ်သာ ရေချိုးခွင့်ပေးတာနဲ့ အိန္ဒိယနိုင်ငံသား အကျဉ်းသားတွေရဲ့ နှိက်စက်မှုတွေနဲ့လည်း ကြုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ အမျိုးသမီး ၃၈ ဦး၊ ဇွန်လမှာ အမျိုးသမီးနဲ့ ကလေးငယ် ၃၈ ဦး စုစုပေါင်း ၇၆ ဦးကို မဏိပူရ်အစိုးရက စစ်ကောင်စီထံကတဆင့် နေရပ်ပြန်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013