Home
မြန်မာသတင်း
ဝိုင်းမော်တွင် ပျောက်ဆုံးနေသည့် စစ်ရှောင်အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထား
DVB
·
June 19, 2024

ကချင်ပြည်နယ်၊  ဝိုင်းမော်မြို့နယ်မှာ ပျောက်ဆုံးနေတဲ့ စစ်ရှောင်အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့  မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ကနေ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ရွာဘက်က တောင်ယာကို သွားရင်း မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသား ၃ ဦးကို ဝိုင်းမော်မြို့အနီးက နှောင်ဟီးနဲ့ စခန်းခါးကျေးရွာကြားက ကွန်ကရစ်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဒဘတ်ယန်ဘက် သွားလာခွင့် ပိတ်ထားတာကြောင့် အမျိုးသား ၃ ဦးနဲ့အတူ ကြမ်းခမ်းကျေးရွာကနေ အတူပြန်လာတဲ့ အမျိုးသားတဦးက နောက်ဆုံးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

မိသားစုတွေနဲ့ နီးစပ်သူတဦးက “သူတို့သုံးယောက်နဲ့ ဒီအမျိုးသားက ကြမ်းခမ်းမှာ အတူတွေ့ကြပြီး ဒဘတ်ယန်ဘက်ကို အတူသွားမယ်ဆိုပြီး သွားကြတာ၊ အဲဒါနဲ့ သွားလို့မရလို့ ပြန်လှည့်လာတာ။ ကြမ်းခမ်းကနေ စန်းခါးပြန်လာတော့ စန်းခါးနဲ့ နောင်းဟီကြားက ကွန်ကရစ်တံတားဂိတ်မှာ စစ်ဆေးပြီး ကျန်ခဲ့တယ်။ သူကတော့ အိမ်ကို ပြန်လာနိုင်ခဲ့တယ်ပေါ့။ အဲဂိတ်မှာ သူတို့ သုံးယောက်ကိုတော့ စစ်ဆေးနေတာ တွေ့ခဲ့တယ် ဆိုပြီး ပြန်လာတဲ့ အမျိုးသားနဲ့ တွေ့တော့ ပြောပြတယ်။ သူတို့သုံးယောက် အဲဂိတ်မှာ ဖမ်းခံရတာ သေချာသွားပြီ။ ဇွန် ၆ ရက်နေ့ကပဲ ဒဘတ်ယန်ဘက်သွားလို့ မရလို့ ပြန်လှည့်လာတဲ့အချိန် ဂိတ်မှာဖမ်းခံရတာ” လို့ ပြောပါတယ်။

မိသားစုဝင်တွေက အမျိုးသား ၃ ဦး ဖမ်းဆီးခံရတဲ့နေရာ သိရှိပြီးဖြစ်တာကြောင့် နီးစပ်ရာ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့တွေကနေတဆင့် ပြန်လည်ရှာဖွေသွားမယ်လို့ သိရပါတယ်။

မိသားစုဝင်တဦးက“အစကတော့ ဘယ်ရောက်လို့ ဘာဖြစ်မှန်းမသိ၊ တောင်ယာပဲ ရောက်သွားပြီလား၊ ဘာများဖြစ်သွားပြီလဲဆိုပြီး ဖြစ်နေတာ။ အခု အဲဂိတ်မှာ ဖမ်းခံရတာဆိုတော့ ပြန်လိုက်ဖို့ လမ်းရသလို ဖြစ်သွားပြီဆိုတော့ နီးစပ်ရာတပ်စခန်းကနေ ဆက်စုံစမ်းကြည့်မယ်” ပြောပါတယ်။

ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာကနေ မြစ်ကြီးနားကို တိမ်းရှောင်လာတဲ့ ဉီးလရှီးလဆန်၊ မိုင်းနားစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ ဦးအင်ဒေါင် မုန်ရာနဲ့ မြစ်ကြီးနား တပ်ကုန်းစံပြက ဉီးလဘန်ဘောက်နော်တို့ဟာ ဇွန် ၆ ရက်က မြစ်ကြီးနားကနေ ဗလမင်းထင်တံတားကို ဖြတ်ပြီး ကားလမ်းမအတိုင်း ခတ်ချိုဘက်ကနေ ဒဘတ်ယန်ဘက်က တောင်ယာကို ကွင်းလမ်းကနေသွားနေတဲ့အချိန် မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပါတယ်။

လက်ရှိ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က ဝိုင်းမော်မြို့အထွက် ခါးရှီကျေးရွာ ပတ်ဝန်းကျင်ကိုလည်း ဇွန် ၁၈ ရက် ညက တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား မပခ တိုင်းစစ်ဌာနချုပ်ကနေ ဝိုင်းမော်ဘက်ခြမ်းကို ညစဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013