ရန်ကုန်တိုင်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ လူဦးရေစာရင်း ကောက်ယူရာမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စိစစ်ဖော်ထုတ်သွားဖို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုဗိုလ်မှူးကြီး အောင်ကျော်ဦးက ဇွန် ၁၈ ရက်မှာ ပြောတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
တောင်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ရှေ့မှာ မနေ့မနက်က ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း အခမ်းအနားမှာ ပြောခဲ့တာလို့ တောင်ဒဂုံအုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“တပ်ရင်းမှူးက ရပ်ကွက်ထဲမှာ စာရင်းကောက်ရင် PDF တွေ ထောက်ပံ့နေတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့စာရင်းကို သီးသန့်လုပ်ထားဖို့ အုပ်ချုပ်ရေးကသူတွေကို ပြောတယ်။ သာမန်ပြည်သူကသပ်သပ်၊ နိုင်ငံရေးလှုပ်ရှားတဲ့သူက စာရင်းသပ်သပ်ကောက်ဖို့ မှာတာ။”
စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဟာ တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်စျေးမှာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွေ၊ တီရှပ်အင်္ကျီနဲ့ ဦးထုပ်တွေကို လိုက်လံဝေငှခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက DVB ကို ပြောပါတယ်။
“စစ်တပ်ကို လမ်းတွေတိုင်းမှာ လုံခြုံရေးချထားပြီး ဆိုင်းဘုတ်တင်ပွဲလုပ်တာ။ လူအများကြီး မလာဘူး၊ သူ့လူနဲ့သူ လုပ်သွားတာ။”
လူဦးရေသန်းခေါင်စာရင်း ကောက်ယူရာမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေဟာ စာမတတ်တာကြောင့် ပူးပေါင်းစာရင်းကောက်ယူဖို့ မလွယ်ဘူးလို့ လဝကနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“လဝကနဲ့ ပညာရေးနဲ့ ပေါင်းပြီးကောက်ရင် ပြဿနာမရှိဘူး။ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ စာရင်းကောက်ရင် အရမ်းပင်ပန်းတာ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက တစ်နဲ့ နှစ်ပေါင်းတာတောင် လေး ရတယ်ဆိုပြီး တွက်ကြတာ။ အရင်တခေါက် စာရင်းကောက်တုန်းက လူဦးရေပေါင်းတာ အကုန်မှားလို့ ပြန်လုပ်ရတယ်။ သူနဲ့စာရင်းကောက်ရင်တော့ မလွယ်ဘူး။”
မိတ္ထီလာခရိုင်မှာ ဇွန် ၁၅ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ပြင်ဆင်နေတယ်လို့ ပြောပြီးနောက် လူဦးရေသန်းခေါင်စာရင်းကောက်ဖို့ လုပ်လာတာပါ။