ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာတာကို စိုးရိမ်ကြောင်း ပင်တဂွန်က ဇွန် ၁၈ ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မော်စကိုနဲ့ ပြုံယမ်းကြား ဆက်ဆံရေး တိုးလာနေတာဟာ အထူးသဖြင့် ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ စိတ်ဝင်စားသူတိုင်းအတွက် စိုးရိမ်သင့်တဲ့ ကိစ္စတခုပါပဲလို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ရန်စမှုတွေကို ဆက်လက်တိုက်ပွဲဝင်နေတဲ့အတွက် ယူကရိန်းပြည်သူတွေကို ထောက်ခံအားပေးနေကြောင်းလည်း ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ၂၄ နှစ်အတွင်း သူ့ရဲ့ ပထမဆုံးခရီးစဉ်အဖြစ် မြောက်ကိုရီးယားကို ရောက်ရှိလာပြီး အမေရိကန်ကို ဆန့်ကျင်ရာမှာ အခိုင်အမာ ထောက်ခံအားပေးသွားမယ်လို့ ကတိပြုခဲ့တာပါ။
မြောက်ကိုရီးယားဟာ ရုရှားကို ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ပေးတာ၊ ယူကရိန်းပြည်သူတွေအပေါ် တရားမဝင် မတရားတဲ့ စစ်ပွဲတွေ ဆက်လက်တည်မြဲအောင် စွမ်းဆောင်ပေးနေတာတွေကို ဆက်လက်စောင့်ကြည့်ရမယ်လို့လည်း ပက်ထရစ် ရိုက်ဒါက ဆိုပါတယ်။
အင်ဒို-ပစိဖိတ်ဒေသနဲ့ ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို မြှင့်တင်နိုင်ဖို့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့အတူ လက်တွဲဆောင်ရွက်နေကြောင်းနဲ့ ရှေ့ဆက်ပြီး အာရုံစိုက်သွားမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source-Reuters