မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူးကလီးယား အစီအစဉ်တွေအတွက် ရုရှားက ပံ့ပိုးပေးမှာကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) က စိုးရိမ်နေတယ်လို့ NATO အဖွဲ့ အကြီးအကဲက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
NATO အဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ဆုံအပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောလိုက်တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူးကလီးယားလက်နက် ပိုင်ဆိုင်တဲ့ အထီးကျန် မြောက်ကိုရီးယားနိုင်ငံဆီ သွားနေပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ဟာ တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ရဲ့ ကျောထောက်နောက်ခံကို ရထားပြီး သူတို့ဟာ အနောက်မဟာမိတ်တွေ ကျဆုံးတာကို မြင်ချင်နေကြတယ်လို့ စတော့တန်ဘာ့ဂ်က ဆက်ပြောပါတယ်။
ရုရှားရဲ့ စစ်ဘက်ဆိုင်ရာ စီးပွားရေးအတွက် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုဟာ ဥရောပတိုက်က လုံခြုံရေးစိန်ခေါ်ချက်တွေက အာရှနဲ့ ဆက်စပ်နေကြောင်း သက်သေပြခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
လာမယ့်လ ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးမှာ သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့နဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ မိတ်ဖက်ဆက်ဆံရေး ပိုအားကောင်းလာမယ်လို့လည်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်ဟာ ရုရှားရဲ့ ယူကရိန်းစစ်ပွဲကို ပံ့ပိုးပေးနိုင်တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ခိုင်မာစေဖို့ ကြံရာမရလုပ်ဆောင်ချက် လက္ခဏာတရပ် ဖြစ်တယ်လို့ ဘလင်ကန်က ပြောခဲ့ပါတယ်။
Source-Reuters