Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံသားနှင့် လက်ထပ်ထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို နိုင်ငံသားဖြစ်ခွင့် ပေးမည်
DVB
·
June 19, 2024
Photo-Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်နိုင်ငံသားတွေနဲ့ လက်ထပ်ထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကြိုးပမ်းမှုအသစ်ကို ဇွန် ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါဟာ ရီပတ်ဘလီကန်ပြိုင်ဘက် ဒေါ်နယ်ထရန့်ပ်ရဲ့ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်နဲ့ သိသိသာသာ ဆန့်ကျင်နေတဲ့ ရွေးကောက်ပွဲနှစ် လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

သမ္မတ ဘိုင်ဒင်က “ဒီနေ့မှာတော့ အမေရိကန် ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကနေ ဘွဲ့ရပြီး နိုင်ငံသားဖြစ်ခွင့် မျှော်လင့်နေသူတွေ၊ အလုပ်အကိုင်ကောင်းကောင်း လုပ်မယ့်သူတွေ၊ အသက်မွေးဝမ်းကျောင်းပညာ အဆင့်မြင့်ကျွမ်းကျင်သူတွေ အပါအဝင် လူတွေကိုကူညီဖို့ အလုပ်အကိုင် ဗီဇာတွေကို ရှင်းလင်းပြီး အရှိန်မြှင့်ဖို့ စီမံချက်အသစ်တွေကို ထုတ်ပြန်လိုက်တယ်” လို့ ပြောပါတယ်။

ဘိုင်ဒင်ရဲ့ အစီအစဉ်သစ်မှာ ဇွန် ၁၇ ရက်အထိ အမေရိကန်မှာ အနည်းဆုံး ၁၀ နှစ်ကြာ နေထိုင်ခဲ့တဲ့ အိမ်ထောင်ဖက် ၅ သိန်းလောက်ကို ခွင့်ပြုပေးမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံသား မိဘနဲ့အတူ အသက် ၂၁ နှစ်အောက် ကလေး  ၅ သိန်းလောက်လည်း အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ အိမ်ထောင်ဖက်တဦးက အမေရိကန်နိုင်ငံသားဖြစ်ပြီး ကျန်တဦးက အထောက်အထားမဲ့ အမေရိကန်မှာ အနည်းဆုံး ၁၀ နှစ် နေထိုင်နေကြသူတွေအတွက် အကြောက်တရားနဲ့ မရေရာမှုတွေကို ဖြေရှင်းပေးဖို့ဖြစ်တယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။

ဒါပေမဲ့ သူတို့ဟာ ရာဇဝတ်မှုဆိုင်ရာ နောက်ခံစစ်ဆေးမှုတွေကို ကျော်ဖြတ်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒီကြိုးပမ်းမှုကို အမေရိကန်လူမျိုး ၇၀ ရာခိုင်နှုန်းကျော်က မိသားစုတွေ အတူတကွ ထိန်းသိမ်းထားဖို့ ထောက်ခံကြောင်း စစ်တမ်းကောက်ယူမှုအရ သိရှိရကြောင်းလည်း ဘိုင်ဒင်က ပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းက အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနဲ့ အဲဒီအချိန်က ဒုသမ္မတ ဂျိုးဘိုင်ဒင်တို့ဟာ ကလေးဘဝရောက်ရှိမှုတွေအတွက် ရွှေ့ဆိုင်းထားတဲ့ လုပ်ဆောင်ချက် (DACA) အစီအစဉ်ကို စတင်ခဲ့ပြီး လက်ရှိအချိန် ကလေးသူငယ်အဖြစ် အမေရိကန်ကို ခေါ်ဆောင်လာတဲ့ လူပေါင်း ၅၂၈,၀၀၀ ကို ပြည်နှင်ဒဏ်သက်သာခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ပေးထားတဲ့ နောက်ထပ် တရားဝင်မှု ကြိုးပမ်းမှုကြီးတရပ်ကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

အိမ်ဖြူတော်ပွဲတခုမှာ ဘိုင်ဒင်က ထရမ့်ပ်ဟာ သူ့လက်ထက်မှာ အမေရိကန်-မက္ကဆီကို နယ်စပ်မှာ ရွှေ့ပြောင်းမိသားစုတွေနဲ့ ကလေးတွေကို ခွဲထုတ်ခဲ့ပြီးတော့ အမေရိကန်ရှိ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကိုလည်း တိရစ္ဆာန်တွေလို့ ရန်မီးမွှေးတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်သုံးစွဲတာတွေ၊ သူ့စကားတွေထဲမှာ ရွှေ့ပြောင်းသမားတွေလို့ ခေါ်ဝေါ်ပြီး တိုင်းပြည်ရဲ့ သွေးတွေကို အဆိပ်ခတ်နေတယ် ဆိုတဲ့ မှတ်ချက်တွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013