Home
မြန်မာသတင်း
မဲဆောက်တွင် အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာအမျိုးသမီးအတွက် တရားမျှတမှု ရလို 
DVB
·
June 19, 2024
Photo Crd- Htake Htar fb

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ  အိမ်တွင်းအကြမ်းဖက်မှုခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီးတဦးရဲ့ အလောင်း ၃ လပြည့်ကာနီးအထိ မသင်္ဂြိုဟ်ရသေးကြောင်းနဲ့ သေဆုံးသူအတွက် တရားမျှတမှု ရရှိလိုတယ်လို့ အမှုမှန်ပေါ်ပေါက်ရေး ကူညီနေသူတွေဆီက သိရပါတယ်။

စင်ကာပူနိုင်ငံမှာနေထိုင်အလုပ်လုပ်ကိုင်တဲ့ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်ဟာ  ခင်ပွန်းဖြစ်သူ အဆိုတော် “ဝဠာ” ရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လာရောက်စဉ် ခင်ပွန်းဖြစ်သူက လက်သီးနဲ့ ထိုးကြိတ်ခဲ့လို့ ပြီးခဲ့တဲ့ဧပြီလမှာ သေဆုံးခဲ့တာလို့ အမှုမှန်ပေါ်ပေါက်ရေး ကူညီနေသူတွေက ပြောပါတယ်။

မထက်ထက်ဇော်ရဲ့ အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ဖို့ဆန္ဒရှိတယ်လို့ အမှုမှန်ကို စတင်ဖော်ထုတ်ခဲ့သူ မထိပ်ထားက DVB ကို ပြောပါတယ်။

“အစ်မတို့ ဒီကိစ္စကို စလုပ်ကတည်းက အလောင်းကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်ဖို့က first step ပါ။ ဒီအမျိုးသမီးလေး အလောင်းကို မြေကျချင်တယ်၊ အမှန်တရားဖော်ထုတ်ချင်တယ်ပေါ့။ တရားခံမိနေပြီဆိုတော့ ဒီဘက်ကို တရားခံအပ်တာနဲ့ အစ်မတို့ ဆက်လုပ်လို့ရပြီ၊ အခုဆို ၃ လပြည့်တော့မယ်၊ အဲတာကြောင့် အလောင်းထုတ်လို့ရဖို့ကို တော်တော်ကြိုးစားနေရတယ်။”

မိသားစုဝင်တွေကတော့ ပြည်ပထိ လာနိုင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် အလောင်းမြေကျဖို့ကို ကူညီနေသူတွေဆီပဲ ယုံယုံကြည်ကြည်အပ်နှံထားတယ်လို့ ဆက်ပြောပါတယ်။

အလောင်းကို တရားဝင် ထုတ်ယူသင်္ဂြိုဟ်ဖို့ကလည်း မိသားစုဝင် ဒါမှမဟုတ် ခင်ပွန်းရဲ့ ခွင့်ပြုချက် လိုအပ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုတော် “ဝဠာ”ကို Lion Battalion အဖွဲ့က ထိန်းသိမ်းထားပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့   အဆိုတော် “ဝဠာ”ဘက်ကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ 

အမှုမှန်ပေါ်ပေါက်ရေး ကူညီနေသူတွေကတော့ တရားခံကို အမြန်ဆုံး ထိုင်းရဲတွေဆီအပ်ပေးဖို့ Lion Battalion အဖွဲ့ဆီကို တောင်းဆိုထားပေမဲ့ အဖွဲ့ဘက်ကတော့ KNU လက်အောက်က အဖွဲ့ဖြစ်တဲ့အတွက် KNU တရားစီရင်ရေးအတိုင်းပဲ စီရင်သွားမယ်လို့ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်၊

အဆိုပါကိစ္စနဲ့ ပတ်သက်လို့ Lion Battalion အဖွဲ့ရဲ့ ရုံးအဖွဲ့မှူးထံ ဖုန်းနဲ့ဆက်သွယ် မေးမြန်းရာမှာတော့ ဝဠာနဲ့ ပတ်သက်တဲ့ သတင်းကိစ္စက တရားဝင် ထုတ်ပြန်ပြောဆိုထားတာ မရှိတဲ့အတွက် ဖြေကြားဖို့ ငြင်းဆန်ပါတယ်၊ နောက်ပိုင်းမှာတော့ သေချာစိစစ်ပြီးရင် တရားဝင်ထုတ်ပြန်လာဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မြေမကျသေးတဲ့ မထက်ထက်ဇော်ရဲ့ အမှုကိစ္စကို တရားမျှတမှုနဲ့အတူ ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန၊ ကရင်အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်နိုင်ဖို့ sister2 sister အဖွဲ့က တာဝန်ယူ ကူညီလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

sister2 sister အဖွဲ့ရဲ့ တာဝန်ရှိသူ မသဥ္ဇာရွန်းလဲ့ရည်ကတော့ တရားခံကို ဥပဒေနဲ့အညီ တရားစီရင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးဖို့ကို ထပ်မံတောင်းဆိုပါတယ်။

“မထက်ထက်ဇော်ရဲ့သေဆုံးမှုက လနဲ့ချီပြီး အသံတိတ်နေတဲ့ဖြစ်ရပ်ကို ကျမတို့ အတော်လေး စိတ်ထိခိုက်ရပါတယ်။ သေဆုံးမှုက အလဟာသမဖြစ်အောင်၊ နောက် ကျူးလွန်သူကိုလည်း ပြစ်ဒဏ် ကင်းလွတ်နေတဲ့ဖြစ်ရပ်မျိုးက ကျမတို့တော်လှန်ရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆတဲ့အတွက် ကျမတို့အနေနဲ့ ဦးဆောင်ဆော်ဩလှုံ့ဆော်ရတာ ဖြစ်ပါတယ်။ မထက်ထက်ဇော်အလောင်းက အခုချိန်ထိပိုင်ရှင်မဲ့လိုဖြစ်နေတော့ မိသားစုကိုလည်း ကျမတို့ ခေါ်ဖို့ ကြိုးစားနေပေမဲ့ လုံခြုံရေးအရ စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။ အခုတရားခံကို Lion Battalion က ထိန်းသိမ်းထားတယ်လို့ သိရတော့ ကျမတို့က ကျေးဇူးတင်တယ်။ ဒါပေမဲ့ ထိုင်းမြေပေါ်မှာ ဖြစ်တဲ့ ကိစ္စဖြစ်လို့ တရားခံကို ထိုင်းရဲဌာနကတရားစီရင်နိုင်ဖို့ အမြန်ဆုံးလွှဲ ပြောင်းပေးဖို့ကိုလည်း တောင်းဆို ချင်ပါတယ်။”

မထက်ထက်ဇော်ဟာ အိမ်တွင်းအကြမ်းဖက်ခံရပြီး  လက်သီးနဲ့ ထိုးကြိတ်မှုကြောင့် ရတဲ့ ဒဏ်ရာအား မယ်တော်ဆေးခန်းနဲ့ တခြားဆေးရုံ ၂ ခုကို ပြောင်းလဲ ပြသခဲ့ပေမဲ့ ဦးနှောက်သွေးယိုစီးမှု ပြင်းထန်တာကြောင့် သေဆုံးခဲ့ရတာလို့ သိရပါတယ်။

မထက်ထက်ဇော်ကို တာ့ခ်ခရိုင် ဖိစနူလွတ်ရှိ Buddhachinnarat  ဆေးရုံမှာ နောက်ဆုံးပို့ဆောင် ကုသခဲ့ပေမဲ့ အချိန်မမီဘဲ ဦးခေါင်းသွေးယိုစီးမှုခွဲနဲ့ သေဆုံးသွားခဲ့တာလို့ ဆေးရုံက ထုတ်ပေးတဲ့ သေဆုံးကြောင်း လက်မှတ်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013