ပဲခူးတိုင်း၊ သာယာဝတီမြို့ရှိ မြို့မရဲစခန်းမှာ ဇွန် ၁၆ ရက် ညနေပိုင်း စစ်ကောင်စီတပ်မှ တပ်ကြပ်တဦးက အချင်းများပြီး ရဲအုပ် တဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေက ပြောပါတယ်။
ရဲစခန်းနဲ့နီးစပ်သူတဦးက “ရဲစခန်းမှာလုံခြုံရေးစောင့်ပေးနေတဲ့ တပ်ကြပ်စစ်သားက ၂ ပွင့်နဲ့ ရဲအုပ်ကို သေနတ်နဲ့ ပစ်တာ။ ကျည်ကတော့ တချက်တည်းပဲ။ ဒါပေမဲ့ ရင်ဘတ်ကနေ နောက်ကျောကို ထုတ်ချင်းပေါက်ပဲ” လို့ ပြောပါတယ်။
ရဲနဲ့ စစ်သားပူးပေါင်းကာ သာယာ၀တီမြို့ပေါ်က ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးရင်း စကားများခဲ့ကြပြီးနောက် ရဲစခန်းကို ပြန်ရောက်မှ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ မိသားစု၀င် တဦးက “စစ်သားက ဆေးချထားပြီး ဆေးကြောင်နေတာလို့ သူတို့ စစ်သားအချင်းချင်း ပြောနေသံ ကြားတယ်။ အပစ်ခံရတဲ့ ရဲအုပ်ကို သာယာ၀တီဆေးရုံကနေ ရန်ကုန်ကို လွှဲလိုက်ရတယ်။ သေဖို့များပါတယ်။ အဲဒီစစ်သားကိုတော့ တပ်က ပြန်ခေါ်သွားတယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီဗွီဘီက သာယာဝတီမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာ တာ၀န်ကျရဲတပ်ဖွဲ့၀င်တဦးက ``ပစ်ခတ်မှုဖြစ်တာဟုတ်တယ်´´လို့ ဖြေကြားခဲ့ပေမဲ့ အသေးစိတ်ကို တော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။