ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဇွန် ၃ ရက်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် မောင်တောမြို့နဲ့ ၃ မိုင်ခန့်အကွာ သီဟိုအေးကျေးရွာက ပြည်သူ ၁၀၀၀ ခန့် ပိတ်မိနေတယ်လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။
သီဟိုအေးကျေးရွာနားမှာ တိုက်ပြင်းထန်နေတာကြောင့် ရွာသူရွာသားတွေဟာ သုံးမိုင်ဘုန်းတော်ကြီးကျောင်းမှာ တိမ်းရှောင်နေခဲ့ရပါတယ်။ တိုက်ပွဲကြောင့် အဆိုပါရွာသားတွေဟာ ဘယ်မှ ထွက်ပြေးလို့မရ ဖြစ်နေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“အကုန်လမ်းပိတ်ကုန်တယ်။ ဆန်ဝယ်မရ ဈေးဝယ်မရ မိုးတွင်းနဲ့ဆို ကလေးတွေ ဝမ်းလျှောဝမ်းပျက်နဲ့ အတော်ဒုက္ခရောက်ကြတယ်။ စားရေးသောက်ရေးကလည်း ရှိတာလေးပဲ မျှဝေကြတယ်။”
သီဟိုအေးကျေးရွာဟာ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပြီး အိမ်ထောင်စု ၇၉ စု လူဦရေ စုစုပေါင်း ၅၃၇ ယောက် ရှိပါတယ်။ အားတူ ကိုင်းကြီးကျေးရွာက အိမ်ထောင်စု ၁၂ စု လူဦးရေ ၅၈ ဦးလည်း အဆိုပါ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရပြီး အရေးပေါ် အစားအသောက်နဲ့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိသေးပေမဲ့ သီအိုအေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃ ရက်ကနေ အခုအချိန်ထိ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး AA ကတော့ ထိုးစစ်ဆင်ဖို့တဲ့အတွက် မောင်တောမြို့ကနေ ထွက်ခွာဖို့ တိုက်တွန်းထားပါတယ်။