ပြည်သူတွေအားလုံးရဲ့အမေ၊ ကျွန်တော်တို့အားလုံးရဲ့ အမေအတွက်ဆိုပြီး "သပြေရင်ခွင်"လို့ အမည်ပေးထားတဲ့ ကဗျာလေးတပုဒ်ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဖွဲ့ဆို သီကြူးထားတဲ့ ရုပ်သံ ဗီဒီယိုတခု Artists' Shelter က ဖြန့်ချိလိုက်ပါတယ်။
ဒီရုပ်သံ ဗီဒီယိုကို ဒီကနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့ မှာ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။
အိမ်ပြန်လာပြီ အမေ
သပြေညိုရင်ခွင်
အမေအိုရင်ခွင်ဆီ...
ခွဲခွာနေရတဲ့ အမေတွေအတွက်
အိမ်ပြန်မရောက်တဲ့ သားတွေအတွက်
Video Credit- Artists' Shelter
မုတ်သုံမိုးနဲ့အတူတူ ကမ္ဘာမြေပြင် အမေ့ရင်ခွင်ကို ပြန်ရောက်ကြဖို့… သားကိုမျှော်နေကြတဲ့ မိခင်တွေ အမေ့ကိုလွမ်းဆွတ်နေတဲ့ သားတွေ သမီးအတွက် ဆုတောင်းပေးနေတဲ့ အဖေတွေ အဖေ့ကိုတမ်းတနေတဲ့ သမီးတွေ ဇနီးခင်ပွန်း၊ ညီအစ်ကိုမောင်နှမ၊ ချစ်သူခင်သူ၊ မိတ်ဆွေသူငယ်ချင်း၊ အိမ်နဲ့ဝေးနေကြရတဲ့ လူသားတိုင်းအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီရုပ်သံဗီဒီယိုကို ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားတာဖြစ်ပြီး Script -L Min Pyae Mon ၊ Illustration -ARTSTRIKE ၊ တေးဂီတ ဒန်နီရယ်စောတို့က ပူးပေါင်း ဖန်တီးထားတာလည်း ဖြစ်ပါတယ်။