နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။
ဇွန် ၁၉ ရက် ဒီကနေ့ကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး၊ အခြေခံလူ့အခွင့်အရေးတို့အတွက် ကြိုးပမ်းစဥ်ကာလတလျှောက် စစ်အာဏာရှင်တို့ရဲ့ ၁၅ နှစ်ကျော်ကာလ အကျဥ်းချခံနေခဲ့ရပေမဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းဆောင်ရွက်ခဲ့သူတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဒီနည်းလမ်းအတိုင်း တစိုက်မတ်မတ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဥ်းချထားတာ ၃ နှစ်ကျော် ကြာရှိနေပြီး ဒီကာလတလျှောက်လုံး မိသားစုနဲ့ ထောင်ဝင်စာတွေ့ဆုံခွင့်ကို ပိတ်ပင်ထားတဲ့အပြင် ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကို ဒီနေ့အချိန်ထိ တရားဝင် ထုတ်ပြန်ထားခြင်းမရှိတဲ့ ထိုလုပ်ရပ်ဟာ သူရဲဘောကြောင်စွာ နိုင်ငံရေးဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားတဲ့ လုပ်ရပ်အဖြစ် ရှုမြင်တယ်လို့ NLD ပါတီက ပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အသိအမှတ်ပြု အလေးထား ဆက်ဆံမှုနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အလေးအနက်ထားပြီး ကောင်းမွန်စွာထားရှိရေးနဲ့ တွေ့ဆုံခွင့်ရရှိရေး စဥ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှုအပေါ် ကျေးဇူးတင်ရှိတယ်လို့လည်း ဆိုပါတယ်။
တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်လို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဥ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေး ဝိုင်းဝန်းကြိုးစားပေးကြဖို့လည်း တိုက်တွန်းပါတယ်။
ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက် မွေးနေ့အခမ်းအနားတွေကို ပြည်တွင်းပြည်ပ နိုင်ငံအသီးသီးမှာ ကျင်းပနေကြပြီး ပြည်သူလူထုတွေကလည်း ဆုတောင်းပွဲတွေနဲ့ ပန်းသပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။