Home
နိုင်ငံတကာ
နေတန်ယာဟု နုတ်ထွက်ပေးရန် အစ္စရေးပြည်သူထောင်ချီ ဆန္ဒပြတောင်းဆို
DVB
·
June 19, 2024
Photo - Reuters

အစ္စရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ ဂျေရုဆလင်ရှိ ပါလီမန်အပြင်ဘက်မှာ ဇွန် ၁၈ ရက်က စုဝေးခဲ့ကြပြီး ‘အစိုးရသစ်’ နဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နုတ်ထွက်ပေးရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

အများအပြားဟာ အစ္စရေးအလံတွေကို ဝှေ့ယမ်းကာ ဒရမ်တွေ တီးခတ်ပြီးတော့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။

တချို့သူတွေဟာ ဂါဇာမှာ ဟားမတ်စ်နဲ့စစ်ပွဲ၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာတွေနဲ့ တိုက်ပွဲတွေ အပါအဝင် အရေးကြီးတဲ့ အဓိကပြဿနာတွေကို နေတန်ယာဟုရဲ့ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဝေဖန်ထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။

ဆန္ဒပြသူတွေက သူတို့ဟာ ရွေးကောက်ပွဲကို လိုလားပြီး အစိုးရသစ်တရပ်ကို လိုချင်ကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်ပြီး ဒီစစ်ပွဲကို အဆုံးသတ်ဖို့နဲ့ ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့လိုကြောင်း အသက် ၄၂ နှစ်အရွယ် ဆန္ဒပြသူ ယာကော့ဗ် ဒိုလ်ဂို ပိုလ်စကီးက ပြောပါတယ်။

ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို စိတ်ဝင်စားပြီး ကိုယ်ကျိုးစီးပွားကို မလိုလားဘဲ ပြည်သူတွေအတွက် တာဝန်သိတဲ့ အစိုးရတရပ်ကိုပဲ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

အခုဆို ဓားစာခံတွေ အဖမ်းခံထားရတာ ၈ လကျော်ရှိနေပြီး အခြေခံအားဖြင့် သူတို့ပြန်လွတ်လာဖို့ ဘာမှလုပ်လို့မရဘူးလို့ အသက် ၅၇ နှစ်အရွယ် ဆန္ဒပြသူ လီယော် အက်ဗရာဟမ်က ပြောကြားခဲ့ပြီး သူဟာ အောက်တိုဘာ ၇ ရက်က သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေကို ဆုံးရှုံးခဲ့ရသူ ဖြစ်ပါတယ်။

ဘီဘီ နေတန်ယာဟု ရာထူးကနေ ထွက်မသွားမချင်း ဘယ်လို ပြောင်းလဲမှုတွေကိုမှ မြင်ရမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အပတ်စဉ် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေပေမဲ့လည်း နိုင်ငံရေးအခင်းအကျင်းက ပြောင်းလဲမှုမရှိသေးဘဲ နေတန်ယာဟုဟာ ပါလီမန်မှာ တည်ငြိမ်တဲ့ အများစုကို ထိန်းသိမ်းထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013