ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနဲ့ ကုလသမဂ္ဂမှာ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးအတွက် တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာ ဇွန် ၁၈ ရက်မနက်က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ စစ်ကောင်စီ ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်တဲ့ ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ဖို့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြားတိုက်ပွဲတွေ ယာယီအပစ်အခတ်ရပ်စဲရေး ရရှိအောင် ကြားဝင်စေ့စပ်ညှိနှိုင်ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဇွန် ၁၄ ရက်ကလည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် စီမံကိန်း ၁၂ ခုအတွက် ကူညီထောက်ပံ့ပေးဖို့ စစ်ကောင်စီနဲ့ တရုတ်သံအမတ်တို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။