တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ထောင်ချီတဲ့ ဆရာဝန်တွေဟာ ဆေးကျောင်းသားဝင်ခွင့် လျှောက်လွှာ တိုးမြှင့်ခေါ်ယူတာကို ဆန့်ကျင်ကန့်ကွက်ရင်း ဇွန် ၁၈ ရက်က ချီတက်ဆန္ဒပြခဲ့ပါတယ်။
နိုင်ငံအတွင်း ဆရာဝန်ဦးရေ မလုံလောက်တဲ့ပြဿနာ ဖြေရှင်းဖို့ ဆေးကျောင်းဝင်ခွင့် ပိုတိုးဖို့ တောင်ကိုရီးယားအစိုးရက လိုလားနေတာပါ။
ဒါပေမဲ့ ဒီလုပ်ရပ်ဟာ မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းကို ကျားကန်ဖို့ နည်းနည်းပဲ အလုပ်ဖြစ်မယ်လို့ ဆန္ဒပြနေတဲ့ ဆရာဝန်တွေက ပြောဆိုပါတယ်။
အစိုးရရဲ့ အစီအစဉ်တွေကို ဆရာဝန်တွေက သပိတ်မှောက်နေတာ လချီ ကြာနေပါပြီ။ အင်္ဂါနေ့ ဆန္ဒပြပွဲကို ဆန္ဒပြသူ အယောက် တသောင်းလောက် ပူးပေါင်းခဲ့တယ်လို့ မျက်မြင်သက်သေကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
ဆေးလောက ပြိုလဲမှာကို ကာကွယ်ကြလို့ ရေးထားတဲ့ ယာယီဦးထုပ်တွေကိုလည်း ဆန္ဒပြသူတွေက ဆောင်းထားကြပါတယ်။
အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဝေဖန်သူ ကိုရီးယားဆေးဘက်အသင်းက အင်္ဂါနေ့ ချီတက်ပွဲကို ဆင်နွှဲရင်း ဆေးကျောင်းဝင်ခွင့်တွေ ပိုတိုးခေါ်မယ့် အရေးကို ပြန်စဉ်းစားဖို့ ဆော်ဩခဲ့ပါတယ်။
အဲဒီနေ့မှာပဲ တောင်ကိုရီးယား အစိုးရကလည်း ဆန္ဒပြပွဲမှာ ပူးပေါင်းဖို့ ဆေးခန်းတွေကို ပိတ်ထားတဲ့ ပုဂ္ဂလိက ဆရာဝန်တွေအတွက် လုပ်ငန်းခွင် ပြန်ဝင်ဖို့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
သပိတ်မှောက်သင်တန်းသား ဆရာဝန်တွေအတွက် အစောပိုင်း အလားတူ အမိန့်ကိုတော့ ဒီလ အစောပိုင်းမှာ နောက်ဆုံးမှာ အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ဥပဒေ အောက်မှာ လုပ်ငန်းခွင် ပြန်ဝင်ဖို့ အမိန့်ကို အာခံသူ ဆရာဝန်တွေဟာ လိုင်စင် ရုပ်သိမ်းခံရနိုင်သလို တရားရင်ဆိုင်ရနိုင်ပါတယ်။
အရင်အပတ်က လုပ်ခဲ့တဲ့ ဒေသတွင်း စစ်တမ်းကောက်ခံသူ နောင်းဆာဗေးရဲ့ စစ်တမ်းအရ တောင်ကိုရီးယားပြည်သူ ၁၀ ယောက်မှာ ၈ ယောက်က ဆရာဝန်တွေရဲ့ သပိတ်ကို ဆန့်ကျင်နေကြပါတယ်။
Source-Reuters
Photo-Reuters