ထိုင်းဘုရင့်ထီးနန်းကို စော်ကားမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ကြားနာစစ်ဆေးမှု မပြုမီ ချုပ်နှောင်မထားဘဲ အာမခံပေးဖို့ ရာဇဝတ်တရားရုံးတရုံးက ဇွန် ၁၈ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
သက်ဆင်အမှုဟာ လက်ရှိ ထိုင်းနိုင်ငံရေးကို ကိုင်လှုပ်နေတဲ့ အမှုကြီး ၄ မှုထဲက တမှုဖြစ်ပါတယ်။
ရွေးကောက်ပွဲနိုင်ပြီး အတိုက်အခံဖြစ်နေတဲ့ Move Forward ပါတီ ဖျက်သိမ်းဖို့ လျှောက်ထားမှုနဲ့ သက်ဆင်ရဲ့ ဖွေထိုင်းပါတီက လက်ရှိဝန်ကြီးချုပ် ဆေထာထဝီးဆင် အပေါ် စွဲချက်တင်ထားတဲ့အမှုကိုတော့ ဇူလိုင် ၃ ရက်နဲ့ ဇူလိုင် ၁၀ ရက်နေ့တို့မှာ သီးခြားစီ ကြားနာသွားမှာ ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ထုတ်ပြန်ပါတယ်။
နောက်ဆုံးတမှုဖြစ်တဲ့ စစ်တပ်ကခန့်တဲ့ အထက်လွှတ်တော်အမတ်တွေနေရာမှာ အစားဝင်ဖို့ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲ ကျင်းပမှုဟာ တရားဝင်တယ်လို့ ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ဒါကြောင့် နိုင်ငံရေးပါတီဝင်မဟုတ်တဲ့သူတွေပဲ ပြိုင်လို့ရတဲ့ အထက်လွှတ်တော်အတွက် အမတ်သစ် ၂၀၀ တာဝန်လက်လွှဲယူဖို့ အဆင်ပြေသွားပါတယ်။
ဒါပေမဲ့ ၄ မှုမှာ ၃ မှုဟာ လက်ရှိ အတိုက်အခံရော၊ အာဏာရအင်အားစုကိုပါ ပစ်မှတ်ထားတာဖြစ်ပြီး စစ်ဘက်အင်အားစု၊ ဘုရင့်အင်အားစုနဲ့ တရားရေးရဲ့ ထိုင်းနိုင်ငံရေးအပေါ် သွယ်ဝိုက်သက်ရောက်မှု ကြီးကြီးမားမားရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အခုအမှုတွေဟာ နိုင်ငံရေးသာမက စီးပွားရေးကိုပါ သက်ရောက်မှုရှိနေပြီး ထိုင်းရဲ့ အဓိက စတော့အညွှန်းကိန်း SETI ဟာ ၂၀၂၀ နိုဝင်ဘာနောက်ပိုင်း အနိမ့်ဆုံး ရောက်သွားခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် ဆေထာဟာ တရားရုံးမထီမဲ့မြင်ပြုမှုနဲ့ ထောင်ကျဖူးတဲ့ သက်ဆင်ရဲ့ ရှေ့နေဟောင်းကို ဝန်ကြီးခန့်မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။ ဒီအမှုကို စစ်တပ်ခန့်တဲ့ အထက်လွှတ်တော်အမတ် ၄၀ က စွဲတင်တာ ဖြစ်ပါတယ်။
Move Forward ပါတီကကျတော့ ထိုင်းထီးနန်းကို စော်ကားနှောင့်ယှက်သူတွေကို အရေးယူရာမှာသုံးတဲ့ ရာဇသတ်ကြီးပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့မှုအတွက် စွဲချက်တင်ခံရတာ ဖြစ်ပါတယ်။
Source-Reuters