Home
မြန်မာသတင်း
ကျိုက်ထိုနှင့် ဘီးလင်းတွင် PDF နှင့်ဆက်နွှယ်မှုဖြင့် စွပ်စွဲပြီး ဒေသခံ ၁၀ ဦးကို စစ်တပ် ဖမ်းဆီး
DVB
·
June 19, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တို့မှာ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်မှာ ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်က PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ကော့စံနိုင် လူမှုကူညီရေးအဖွဲ့ဝင်တွေ အပါအဝင် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို ကော့စံနိုင် လူမှုကူညီရေးရုံးနဲ့ ‌နေအိမ်တွေမှာ  စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပါတယ်။

ကျိုက်ထိုမြို့ခံတဦးက “သူတို့က PDF တွေရှိတဲ့နေရာကို သွားပြီး ထမင်းချက်စားကြတာကို ရဲတွေက သိပြီး ဖမ်းတာ။ လူမှုကူညီရေးအသင်းဝင် ၅ ဦးနဲ့ ကျန်တဲ့ ၃ ဦးကို ပတ်သက်တယ်ဆိုပြီး ဖမ်းထားတာ။ တခြားအမှုတွေလည်း ထပ်စစ်နေတယ်လို့ ကြားတယ်။ ဖမ်းမမိဘဲ လွတ်သွားတယ်သူတွေလည်း ရှိတယ်။ သူတို့က အခု ရှောင်နေကြတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ၈ ဦးဟာ ကျိုက်ထိုရဲစခန်းမှာ ထိန်းသိမ်းခံရတယ်ဆိုတာပဲသိပြီး အဆက်အသွယ် မရသေး‌သလို မိသားစုဝင်တွေက ပစ္စည်းနဲ့ စားစရာပို့တာကိုလည်း ရဲတွေက လက်မခံဘူးလို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ကျိုက်ထီးဆောင်းဘုရားအနီးမှာ နေထိုင်တဲ့ ဦးလှမိုးနဲ့ ဇနီးတို့ကို စစ်ကောင်စီတပ်သားတွေက PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဇွန် ၁၇ ရက် မနက် ၈ နာရီကျော်က နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

ဇုတ်သုတ်ရွာခံတဦးက “မနက်ပိုင်းမှာ PDF နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတာ။ သူတို့လင်မယားက အာဏာသိမ်းကာစက ဆန္ဒပြပွဲတွေမှာ ပါခဲ့ဖူးတယ် ဆိုပေမဲ့ နောက်ပိုင်း သူတို့ဘာသာ အေးဆေးနေတာပါ။ PDF တွေနဲ့ ပတ်သက်တယ်ဆိုတာပဲ စစ်သား‌တွေက ပြောသွားတာ။ ဘာတွေလုပ်လဲ ဆိုတာတော့ သေချာမသိဘူး” လို့ ပြောပါတယ်။

ဦးလှမိုးတို့နဲ့ ဇနီးတို့ကို စစ်ကောင်စီတပ်သားတွေက ဘီးလင်းရဲစခန်းမှာ စစ်ဆေးနေပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို မြို့ထဲမှာလည်း နှစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုတွေနဲ့ ပစ်သတ်‌တာတွေ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013