Home
မြန်မာသတင်း
သံတွဲမြို့အနီး တိုက်ပွဲများဆက်ဖြစ်နေပြီး ဒေသခံသောင်းချီ စစ်ဘေးရှောင်
DVB
·
June 18, 2024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နားက ဂေါ့ရွာဝန်းကျင်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး ဒေသခံသောင်းနဲ့ချီ စစ်ရှောင်နေရဆဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်အများစုက နီးစပ်ရာရွာတွေနဲ့ ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြပြီး စစ်ရှောင်စခန်း ၁၆ ခုက လူဦးရေ ၂,၀၀၀ ဝန်းကျင်လည်း အကူအညီတွေ လိုအပ်နေပါတယ်။

သံတွဲမြို့နယ်ထဲမှာ ဧပြီလနှောင်းပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဇွန် ၃ ရက် မှာတော့ နာမည်ကျော် ငပလီကမ်းခြေနားက ဂေါ့ရွာဝန်းကျင်အထိ ရောက်လာခဲ့ပါတယ်။

ဂေါ့ရွာဟာ စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ မဇင်လေဆိပ်နဲ့ ၁ မိုင်ဝန်းကျင်၊ ခလရ ၅၆၆ နဲ့ဆို ၂ မိုင်သာသာဝေးတဲ့ နေရာတစ်ခုဖြစ်ပြီး ၂ ပတ်ကျော်ကြာတဲ့အထိ တိုက်ပွဲတွေရှိနေတုန်းလို့ မြို့ခံတယောက်က ပြောပါတယ်။

သံတွဲမြို့နယ်နေ အမျိုးသားတဦးက “လေယာဉ်နဲ့လာပစ်တယ်၊ လက်နက်ကြီးနဲ့လည်းပစ်တုန်းပဲ။ သူတို့လက်နက်ကြီးတခုကို ဝန်ထမ်းအိမ်ရာမှာထိုင်ထားတယ်လို့ သိရတယ်။ ဂေါ့နားမှာ တင်းပြီးတော့ခံနေကြတာပေါ့ နှစ်ဖက်စလုံးက။ မြေပြင်တိုက်ပွဲ ရှေ့ဆိုင်ပေါ့။ သံတွဲကို တောက်လျောက် အင်အားဖြည့်တယ်။ ရေတပ်နဲ့လည်း သယ်လာပြီးဖြည့်တယ်။ လေယာဉ်နဲ့လည်း ကုန်တွေ၊ လက်နက်ခဲယမ်းတွေ တောက်လျောက်ချတယ်။ လူအင်အားတွေရော။ သံတွဲကို သူတို့ နိုင်ငံတော်အဆင့်အနေနဲ့ ကာကွယ်သွားမယ်ဆိုပြီးတော့ ပြောထားတယ်။ သံတွဲ၊ ငပလီပေါ့ အဓိကတော့။ နေ့တိုင်း လေယာဉ်လာတယ်၊ ပစ်တယ်၊ တိုက်ပွဲက ပြင်းထန်နေတော့ သေနတ်သံ၊ လက်နက်ကြီးသံတွေကတော့ အနီးစပ် ပတ်ဝန်းကျင်ကသူ အကုန်လုံးက ကြားနေရတယ် ”လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ဂေါ့ရွာက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်နေရတဲ့အပြင် စစ်တပ်က ညညဆိုရင် ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဇွန် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာလည်း ဆင်ခေါင်းကျေးရွာကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ပြည်သူ ၁၄ ယောက်သေပြီး ၂၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၀၀ ကျော် လုံးဝပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်ထားပါတယ်။

အဲဒီ ၂ ရွာမှာတင် လူဦးရေသောင်းနဲ့ချီ နေထိုင်ကြတာဖြစ်ပြီး ဒေသခံအများစုက နီးစပ်ရာ ရွာတွေနဲ့ ဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြကာ သံတွဲမြို့နယ်ထဲက စစ်ရှောင်စခန်း ၁၆ ခုမှာလည်း နေထိုင်သူ ၂,၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။

စစ်ဘေးရှောင်ကူညီသူတဦးက “အဓိကဖြစ်သွားတဲ့ ပြဿနာက ပိတ်မိတာရော၊ ကိုယ့်ဒေသက ဗုံးတွေကျတော့ အိုးအိမ်ပျက်စီးသွားတာတွေရောဆိုတော့ ပြန်နေလို့မရတဲ့ အနေအထားပေါ့လေ။ အဲဒီလူတွေကို အခုက နေစရာပေးထားတဲ့သဘောပေါ့။ စခန်းအပြင်ဘက်မှာ ရှိတဲ့သူတွေကိုတော့ ကျနော်တို့က ဘယ်လိုနည်းနဲ့မှ စာရင်းကောက်လို့မရတော့ အတိအကျပြောလို့မရ ဖြစ်နေတာပေါ့။ ရေရှည်ကတော့ တော်တော်လေးကို ခက်ခဲမယ့် အနေအထားရှိမယ်။ ဘာလို့ဆို မိုးတွင်း ရောက်လာတဲ့အတွက်ကြောင့် လုံလုံခြုံခြုံနေရဖို့အတွက် အမိုးအကာပေါ့နော်။ အဲတော့ ဘယ်လိုနေရာမှာ နေရမလဲပေါ့။ ဒီစခန်းကတော့ ရေရှည်ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ။ နောက်တခုက ကျနော်တို့ သံတွဲက မိုးကြီးတယ်။ မိုးကြီးတဲ့အပြင် ရေကြီးတတ်တယ်။ အဲဒီတော့ ရေကြီးမယ်ဆိုရင် ဒီပြဿနာတွေက တော်တော်ကြီးမားလာမယ့် ပြဿနာတွေဖြစ်တယ်။ အခု နေတဲ့စခန်းတွေမှာ နေလို့ရမှာမဟုတ်ဘူး”လို့ ပြောပါတယ်။

သံတွဲမြို့နယ်ထဲက စစ်ရှောင်စခန်းမှာတော့ ဂေါ့ရွာနဲ့ ဆင်ခေါင်းရွာတွေကနေ AA က ကယ်ထုတ်လာသူ အများစုဖြစ်ပေမဲ့ တခြားရွာနီးစပ်ချုပ်က ဒေသခံတွေလည်း ပါဝင်ကာ လူ ၂,၀၀၀ ဝန်းကျင်ရှိနေတာလို့ သိရပါတယ်။

အဲဒီစခန်း ၁၆ ခုအတွက် ပုဂ္ဂလိကအလှူရှင်တွေကို အားကိုးနေရပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ တခြားအရာတွေကိုတော့ ထောက်ပံ့နိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

သံတွဲမြို့ထဲမှာလည်း မနက်ပိုင်းတွေမှာ ပုံမှန်အတိုင်းလည်ပတ်နေပေမဲ့ နဂိုရှိရင်းရဲ့ ၃ ပုံ ၁ ပုံလောက်ပဲလူကျန်တော့ပြီး အများစုက စစ်ကောင်စီနဲ့ပတ်သက်သူတွေ၊ အခြေခံလက်လုပ်လက်စား ဒေသခံတွေဖြစ်ကြတယ်လို့ ဒေသခံကပြောပါတယ်။

၂၀၁၄ လူဦးရေ သန်းခေါင်စာရင်းအရတော့ သံတွဲမြို့နယ်ထဲမှာ စုစုပေါင်း လူဦးရေ ၁၃၀,၀၀၀ ကျော်နေထိုင်ကြတာ ဖြစ်ပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013