Home
မြန်မာသတင်း
ဘုရားသုံးဆူတွင် တရုတ်နိုင်ငံသားများ ကာစီနိုလောင်းကစားရုံဖွင့် 
DVB
·
June 18, 2024
Photo - Thai PBS

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်ဒေသထဲ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေ လာမယ့် အောက်တိုဘာ နောက်ဆုံးထားပြီး ထွက်ခွာသွားဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က ထုတ်ပြန်ထားပြီးတဲ့နောက် တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင်လုပ်ငန်းဟာ နောက်ထပ်နေရာသစ်မှာ လှုပ်ရှားလာကြတယ်လို့  Thai PBS သတင်းဌာနရဲ့ ဇွန် ၁၆ ရက်ထုတ် သတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ 

နေရာသစ်ဟာ ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင်၊  ဆန်ခလပူရီမြို့နယ်တဘက်ကမ်း ဘုရားသုံးဆူမြို့ ထဲမှာ ရှိတယ်လို့ ဆိုပါတယ်။ 

ဒီမတိုင်ခင်က ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်၊ နမ့်ကလေစစ်ဆေးရေးဂိတ်မှာ တာဝန်ရှိ သူတွေက အထောက်အထားမဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

သူတို့စီးလာတဲ့ ကားနောက်ခန်းက သေတ္တာထဲမှာ တယ်လီဖုန်း ၁၄ လုံး၊ ထိုင်းဆင်းကတ် ၇ ခု၊ နိုင်ငံခြားဆင်းကတ် ၈ ခု၊ ကွန်ပြူတာနဲ့ ချိတ်လို့ရတဲ့ ကင်မရာ၊  စတားလင့်ခ် အင်တာ နက်လိုင်းဖမ်း ကရိယာ ၂  ခု စတဲ့ ဆက်သွယ်ရေးကိရိယာတွေ တွေ့ရှိခဲ့ပါတယ်။ 

အသက် ၁၈ နှစ်ရွယ် တရုတ်လူငယ်က သူဟာ အသိတယောက်ရဲ့ အဆက်အသွယ်နဲ့ ကမ္ဘောဒီးယားမှာ အလုပ်သွားလုပ်ဖို့ တရုတ်နိုင်ငံကနေ ၂၀၂၄ ခု ဇွန် ၃ ရက်က ထွက်ခွာလာပြီး အဲဒီကနေ ဗီယက်နမ်ကနေ ကမ္ဘောဒီးယားရောက်တဲ့အခါမှာတော့ လုပ်ရတဲ့အလုပ်က အွန်လိုင်းငွေ လိမ်လုပ်ငန်း ဖြစ်နေတယ်လို့ ပြောပါတယ်။ 

ကမ္ဘောဒီးယားမှာ တရုတ်နိုင်ငံသားတယောက် (သူနဲ့အတူ ကန်ကျနပူရီမှာ အဖမ်းခံရ) နဲ့ သိခဲ့ပြီး အလုပ်ရှင်က သူတို့ နှစ်ယောက်ကို မြန်မာနိုင်ငံ ဘုရားသုံးဆူမှာရှိတဲ့ သူတို့ကုမ္ပဏီဆီ ပစ္စည်း သွားပို့ပေးဖို့ စေလွှတ်လိုက်တယ်၊ သူတို့ဟာ ဇွန်လ ၇ ရက်က ထိုင်းဘက်ခြမ်းကို သဘာဝ လမ်းကြောင်းကနေ ဝင်ရောက်လာတယ်၊ ဘန်ကောက်မှာ ၂ ရက်နေပြီး ဇွန် ၉ ရက်မှာ ကန် ကျနပူရီခရိုင်ဘက်ကို လာရာမှ  ဆန်ခလပူရီမှာ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။ 

ဆန်ခလပူရီ နမ့်ကလေ စစ်ဆေးရေးဂိတ်ကနေ ဆက်သွယ်ရေးကိရိယာတွေ ဖမ်းဆီးရမိခဲ့တာဟာ  ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း  ထိုင်းနိုင်ငံသား ၁ ဦးထံမှ ကွန်ပျူတာ၊ လက်တော့ပ်၊ တယ်လီဖုန်း အစရှိတဲ့ ဆက်သွယ်ရေးကိရိယာတွေ စုစုပေါင်း ၁၇၀ ခု ဖမ်းမိတယ်၊ သယ်ဆောင်လာသူမှာ ကွန်ပျူတာအရောင်းဆိုင် ဖွင့်ထားပြီး မှာယူသူရှိလို့  သယ်ဆောင်လာကြောင်း၊ ဘယ်သူမှန်းမသိရပေမဲ့ တရုတ်ဘာသာနဲ့ လိပ်မူရေးသားထားတယ်လို့ ပြောကြောင်း  သတင်းမှာဖော်ပြပါတယ်။ 

ကန်ကျနပူရီ လဝက ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ အခုနှစ်အတွင်း တရုတ်နိုင်ငံသားတွေ မကြာခဏ ကန်ကျနပူရီထဲ ဝင်လာတာရှိပေမဲ့ အသွားသာရှိပြီး ပြန်လာတဲ့သူတွေ သိပ်မတွေ့ရဘူးလို့ ဆိုပါ တယ်။

Thai PBS သတင်းထောက်က ဘုရားသုံးဆူမြို့ထဲထိ သွားရောက်သတင်းယူတာမှာ လမ်းတလျှောက် ကာစီနိုဆိုင်အသေးလေးတွေနဲ့ သာယာလှပတဲ့ ရေကန်ကြီးတခု ဘေးမှာတော့ အပြာရောင်အဆောက်အဦကြီး ၂ ခု  ဆောက်လုပ်ထားတယ်၊  ဒေသခံတွေ ပြောပြချက်အရ အဲဒီမြေကွက်ကြီးကို တရုတ်နိုင်ငံသားက ဈေးကြီးပေးဝယ်ထားပြီး  အဆောက်အဦကတော့ လွန်ခဲ့တဲ့ ၂ လကမှ ဆောက်ပြီးသွားတာ၊ အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေ နေထိုင်ပြီး ညနေဘက်ဆို ရေကန်နားမှာ လာရောက်အပန်းဖြေကြတယ်လို့ ဆိုပါတယ်။ 

သတင်းထောက်က ဒရုန်းနဲ့အပေါ်စီးကနေ ဓာတ်ပုံရိုက်ရာမှာ အဆောက်အဦရဲ့ ခေါင်မိုးပေါ်မှာ စတားလင့် အွန်လိုင်းဖမ်းတဲ့ ကိရိယာတွေ တပ်ထားတာ တွေ့ရတယ်၊ အဆောက်အဦရဲ့ အနောက်ဘက်တောအုပ်ကတော့ ထိုင်းနယ်စပ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ 

ဘုရားသုံးဆူနယ်မြေဟာ DKBA ကရင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်နယ်မြေထဲမှာ ရှိပြီး DKBA အဖွဲ့ဟာ နောက်ိပုင်းမှာ တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အဖြစ် ပြောင်းလဲခဲ့တာရှိသလို သီးခြားအဖွဲ့ငယ်လေးတွေအဖြစ် ခွဲထွက်သွားကြတာလည်း ရှိပါတယ်။

မြဝတီခရိုင်ထဲက  BGF ထိန်းချုပ်တဲ့ အထူးစီးပွားရေးဇုန်ဟာ တရုတ်နိုင်ငံသားတွေရဲ့ တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်လို့ အမေရိကန်အခြေစိုက် USIP အဖွဲ့အစည်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြဝတီမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးတဲ့နောက် အထူးစီးပွားရေးဇုန်ကနေ နိုင်ငံခြားသားတွေ ထွက်ခွာဖို့  BGF က ထုတ်ပြန်ခဲ့တယ်။

ဒါကြောင့် တရုတ်တွေရဲ့ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာ BGF နဲ့ဆက်စပ်တဲ့ ဘုရားသုံးဆူဘက် နေရာသစ်မှာ အခုလို ဝင်ရောက်လှုပ်ရှားလာတာလို့ ထိုင်း-မြန်မာနယ်စပ်အရေး စောင့်ကြည့်လေ့လာသူ ဒူယဖတ်ပရီချာရတ်က ထိုင်းသတင်းမှာ ပြောသွားပါတယ်။

Source- Thai PBS News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024