မြေထဲပင်လယ်ထဲမှာ သင်္ဘောပျက်ပြီးတဲ့နောက် ပျောက်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ရှာနေတယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
တူရကီကနေ လွန်ခဲ့တဲ့ ၈ ရက်လောက်က ထွက်လာတဲ့ လှေတစီး မီးလောင်တိမ်းမှောက်သွားခဲ့ပြီး သင်္ဘောပျက်ကို အီတလီနိုင်ငံ ကာလာဘရီယာဒေသ အရှေ့ဘက် ၁၂၅ မိုင် အကွာမှာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) နဲ့ ကုလသမဂ္ဂ ကလေးသူငယ်အေဂျင်စီ (UNICEF) တို့က ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က အမျိုးသမီးတဦးရဲ့ အလောင်းနဲ့အတူ အသက်ရှင် ကျန်ရစ်သူ ၁၁ ဦးကို ကာလာဘရီယံဒေသထဲက ရော့ချဲ့လားယော့နီကာမြို့ဆီ ကယ်ဆယ်လာခဲ့ပြီး ပင်လယ်ပြင်မှာ ပျောက်ဆုံးနေသူ ၆၄ ဦးရှိတယ်လို့ ပြောပါတယ်။
နာဒီယာကယ်ဆယ်ရေးသင်္ဘောပေါ်က ဂျာမန်အကူအညီပေးရေးအဖွဲ့ ရက်စ်ကျူရှစ်က နစ်မြုပ်သွားတဲ့ သစ်သားလှေပေါ်ကနေ လူ ၅၁ ဦးကို သူတို့ကယ်ခဲ့တယ်၊ ၂ ဦးက သတိလစ်နေတယ်၊ လှေရဲ့ ပိုနိမ့်တဲ့အပိုင်းမှာ အလောင်း ၁၀ လောင်း ပိတ်မိနေတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို အီတလီကမ်းခြေစောင့်တပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး တနင်္လာနေ့မနက်မှာ နာဒီယာသင်္ဘောဟာ သေဆုံးသူတွေရဲ့ အလောင်းတွေပါတဲ့ သစ်သားလှေကို လမ်ပေဒူဆာကျွန်းဆီ ဆွဲယူသွားခဲ့ပါတယ်။
Source-Reuters