ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ ဇွန် ၁၆ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ယောက်သေဆုံးကာ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ်၊ ကံဆိပ်ကျေးရွာကို ဇွန် ၁၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ဗုံးစထိမှန် သေဆုံးခဲ့ကာ ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ တောင်ကုတ်မြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
တောင်ကုတ်တက္ကသိုလ်ဝင်းထဲကိုလည်း ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရှို(ချင်း) တိုင်းရင်းသားဘာသာ ဌာနမှူး ဒေါက်တာရဲထွန်း နေအိမ်နဲ့ သင်တန်းရေးရာဌာနမှူး ဦးအောင်စိုးရဲ့ ကားတစီး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
မြေပုံမြို့နယ် အင်ကြင်းရွာ မူလတန်းကျောင်းကိုလည်း ဇွန် ၁၆ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်တခုလုံး ရစရာမရှိအောင် ပျက်စီးခဲ့တယ်လို့ မြေပုံမြို့ ဒေသခံတယောက်က ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီဘက်က စစ်ရေးအရ ရှုံးနိမ့်နေပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်၊ Y12 ထောက်ပို့လေယာဥ်တွေနဲ့ နေ့စဥ် ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာလည်း ဇွန် ၁၇ ရက် မနက်က စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နယ်၊ အလယ်ရွာနားက တောင်မှာ ဇွန် ၁၇ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိပြီး ဥယျာဥ်စိုက်ခင်းမှာ ဒညင်းသီး သွားခူးတဲ့ ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ သံတွဲမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
သေဆုံးခဲ့တဲ့သူကတော့ အလယ်ရွာက အသက် ၆၉ နှစ်အရွယ် ဦးမောင်စိုး ဖြစ်ပြီး မြေမြှုပ်မိုင်း နင်းမိတာကြောင့် ညာဘက်ခြေထောက်တဖက် ပြတ်ထွက်သွားကာ သွေးထွက်လွန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သံတွဲမြို့နယ်မှာ ဇွန် ၄ ရက် နေ့လယ်ပိုင်းကလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီးတယောက် သေဆုံးခဲ့ကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ပြည်သူ ၂၆၈ ယောက်သေဆုံးကာ ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မေ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။