ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း မြစ်ရေတိုက်စားပြီး ကမ်းပြိုကျလို့ လူနေအိမ်အလုံး ၂၀ ထက် မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို ဒေသခံတွေနဲ့ သဘာဝဘေးကာကွယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
မေ ၁ ရက်ကနေ ၃၁ ရက်အထိ ၁ လအတွင်း မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျလို့ ဟင်္သာတ၊ ပန်းတနော်၊ မြန်အောင်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း စတဲ့ မြိုနယ်တို့က လူနေအိမ် ၂၀ ထက်မနည်းကို ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့ပေးခဲ့ရတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအခြေပြု သဘာဝေဘေး ကာကွယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က “ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာ။ ကြိုတင်မပြောင်းရင် ဘေးအန္တရာယ်ရှိလို့ ပြောင်းခဲ့တာပါ။ ဟင်္သာတဘက်မှာ မြစ်ရေတိုက်စားလို့ ကမ်းပြိုကျမှု ဖြစ်ခဲ့တယ်။ သက်ဆိုင်ရာက ကမ်းပြိုကာကွယ်ရေး လုပ်တာတွေ အရမ်း အားနည်းတယ်” လို့ ပြောပါတယ်။
မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုတာတွေဖြစ်လာလို နေအိမ်တွေကို မဖြစ်မနေဖျက်ပြီး ပြောင်းရွှေ့ခဲ့ရလို့ အခက်အခဲတချို့တော့ ကြုံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ဟင်္သာတ ဖောင်ဆိပ်ဘက်မှာ တနေ့တည်း အိမ် ၅ လုံး ဖျက်ရွှေ့ခဲ့ရတာ။ ရုတ်တရက် နေလို့ထိုင်လို့ ရသေးတဲ့အိမ် ပြောင်းရရွှေ့ရတော့ အခက်အခဲတွေရှိတာပေါ့။ ဆက်နေဖို့ မသင့်လို့ အေရးပေါ်အချိန်မီ ဖြိုဖျက်ပြောင်းရွှေ့တာ။ ဖျက်သိမ်းရွှေ့ပြောင်း ရတော့ ဆုံးရှုးမှုတွေရှိတယ်” လို့ ပြောပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနတွေက ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းတွေ စနစ်တကျနဲ့ အချိန်မီ မလုပ်ရင် ကမ်းပြိုကျတာတွေ အခုထက် ပိုမိုဆိုးဝါးလာနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။