မြန်မာနိုင်ငံရဲ့ အရှေ့တောင်အစွန်းနယ်စပ်ဒေသမှာ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေ မတူညီတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတဲ့ ပြည်နယ်လေးတခုရှိပြီး အခုအချိန်မှာတော့ လိုအပ်ချက် အခက်အခဲတွေ ရှိလို့နေပါတယ်။
အဆိုပါပြည်နယ်လေးကတော့ လွတ်လပ်ရေးရပြီး သိပ်မကြာခင်ကာလ ၁၉၅၁ ခုနှစ်မှာ ကယားပြည်နယ်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတဲ့ ကရင်နီပြည်နယ်တဖြစ်လဲ ၂၀၁၀ ခုနှစ်အလွန်ကာလတွေမှာ ရိုးရာဝတ်စားဆင်ယင်မှု၊ ကြေးကွင်းစွပ်ထားတဲ့ လည်ပင်းရှည် အမျိုးသမီးများကြောင့် နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်မှုများပြားခဲ့တဲ့ ယဉ်ကျေးမှုနယ်မြေလည်း ဖြစ်ပါတယ်။
တပြည်နယ်လုံး အတိုင်းအတာနဲ့ စစ်မက်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြောင့် ကယား၊ ကယော (ပရဲ)၊ ကယော် (မနူမနော)၊ ဂေးဘား၊ ကယန်း၊ ကယန်းကခေါင်း (ပဒေါင်)၊ ယင်းတလဲ၊ ဂေခို (ကယန်းကဒေါ့)၊ ဇယိန် (ကယန်းလထာ)၊ ယင်းဘော် (ကယန်းကငန်) စတဲ့ ဌာနေတိုင်းရင်းသားတို့ စုပေါင်းနေထိုင်ကြတဲ့ ကရင်နီပြည်နယ်ထဲမှာတော့ ဒေသခံ ၃ သိန်းကျော်လောက်ဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဝသန်ကာလ မိုးဦးကျရာသီဖြစ်တာကြောင့် ကရင်နီပြည်နယ်တွင်းမှာ သွားလာရေး အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲ၊ ကျန်းမာရေးအခက်အခဲ၊ ပညာရေးအခက်အခဲ စတဲ့ အခက်အခဲပေါင်းစုံနဲ့ စတင်ရင်ဆိုင်နေရပါပြီ။
“မိုးတွင်းလည်း စားနပ်ရိက္ခာတွေ မစုဆောင်းနိုင်ကြပါဘူး။ တချို့စခန်း (စစ်ရှောင်စခန်း) တွေတော့ ရှိမှာပေါ့။ ခက်ခဲတာတော့ မိုးကာနဲ့ စားနပ်ရိက္ခာပဲ။ ရှားတောဘက်တွေလည်း အကူအညီတောင်းထားတာ ရှိတယ်။ စစ်ရှောင်ပညာရေးကတော့ ကျောင်းတွေဖွင့်နေကြပြီ။ အကုန်လည်ပတ်နေကြပြီ။ ကျောင်းဆောင်အမိုးအတွက် မိုးကာတွေ၊ စာရေးကိရိယာတွေ၊ ဆရာ/မတွေအတွက် လစဉ်အသုံးစရိတ်တွေ လိုအပ်နေတယ်” လို့ စစ်ဘေးရှောင်ကူညီရေး အဖွဲ့တခုက ပြောပါတယ်။
စစ်ရှောင်ဒေသတွေမှာ စစ်မက်ဖြစ်ပွားနေတာကြောင့် ပညာမသင်ကြားနိုင်ကြတာက အာဏာရှင်အုပ်ချုပ်မှုရဲ့ အကြီးအကျယ်ဆုံး ဆိုးကျိုးတရပ်ဖြစ်ပြီး မျိုးဆက်တခုလုံး အသိပညာ အတတ်ပညာတွေနဲ့ ဝေးရင် အနာဂတ် ကရင်နီပြည်နယ်အတွက် ရလဒ်ကောင်းဖို့ မရှိဘူးလို့ မကြာသေးခင်က ကရင်နီပြည်နယ်မှာ သတင်းရယူနေတဲ့ သတင်းသမားတဦးက ပြောပြလာပြန်ပါတယ်။
“အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ဇုန်တွေမှာ စစ်ရှောင်ကြတဲ့ ဒေသခံတွေက ပညာရေးထက် စစ်ရှောင်ဖို့အတွက်ကို ပိုပြီး အားစိုက်ကြရတာတွေ၊ နောက်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ တနေ့တနေ့ ပိုပြီး ပူပန်နေရတာကြောင့် ပညာရေး အခက်အခဲက ကရင်နီဒေသမှာ တော်တော်အခက်တွေ့နေတယ်။ အခု မိုးဦးကာလ ကျောင်းတက်ရာသီမှာလည်း သွားလာရေးအခက်အခဲတွေနဲ့ သင်ကြားရေး အဆောက်အအုံ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်။ ကျနော်တို့ ဒီစစ်အတွင်းကာလမှာက အနည်းနဲ့အများ ရတဲ့ပညာ ယူဖို့လိုတယ်၊ ဘယ်ပညာရေးဖြစ်ဖြစ်ပေါ့။ ဒါမှလည်း စစ်ပြီးကာလ တော်လှန်ရေးအလွန်ကာလမှာ အနာဂတ်မျိုးဆက်က ဆက်လုပ်သွားနိုင်မှာ၊ မဟုတ်ရင် တော်တော်အခက်တွေ့နိုင်တယ်” လို့ သူကသုံးသပ်ပါတယ်။
မိုးရာသီကာလမှာ ကျောင်းစာသင်ကြားရေးတင်သာမက ပြင်ပပညာဖြစ်တဲ့ ဂီတ၊ လက်မှု၊ သက်မွေး စတဲ့ဘက်တွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာကို ထုတ်ဖော်ပြောလာသူကတော့ ထဲဖိုးဂီတကျောင်း တာဝန်ခံ ဆရာမပဲ ဖြစ်ပါတယ်။
“အဓိက မီးနဲ့သွားနေရတော့ ဆိုလာသုံးတယ်လေ။ ဒါမဲ့ မိုးရွာတော့ ဆိုလာမဝင်တော့ မီးအဆင်မပြေတာ ရှိပါတယ်။ ပြီးတော့ သစ်ပင်ဝါးပင်တွေပေါတော့ မိုးကြီးတော့ ကျိုးတယ်။ ကျောင်းဆောင်တခုဆို အမိုးမရှိတော့ဘူး။ သစ်ပင်ကျိုးကျတာ ထိထားတယ်။ ပြီးတော့ သွားရေးလာရေးပေါ့ဆရာ၊ သွားရေးလာရေးက မိုးရွာတော့ အဆင်မပြေဘူး။ အလုပ်တွေ ပျက်ကွက်ရတော့ အရင်ကထက်ပိုပြီး ကျောင်းအတွက် မလှုပ်ရှားပေးနိုင်နေဘူး ဖြစ်နေတယ်။ ရိက္ခာစုဆောင်းတဲ့ အပိုင်းကကျတော့ စိုက်ပျိုးနိုင်ရင် စိုက်တယ်၊ မစိုက်နိုင်ရင်ဝယ်တယ်၊ အဲလိုပဲရှိတယ်ဆရာ” လို့ သူကပြောပြပါတယ်။
ကရင်နီပြည်နယ်ထဲမှာ တပြည်နယ်လုံး အတိုင်းအတာနဲ့ ဒေသခံ စစ်ဘေးရှောင် ၃၅၀,၀၀၀ ကနေ ၄၀၀,၀၀၀ ဝန်းကျင်အထိ ရှိနေကာ စစ်ဘေးရှောင်စခန်း ၅၀၀ ကျော်အထိ ရှိနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေကြသူ ၁၅၀,၀၀၀ ခန့်ရှိပြီး အဲဒီလူ ၁၅၀,၀၀၀ ခန့်ကတော့ အမှန်တကယ် အကူအညီတွေ လိုအပ်နေကြတာလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
လစဉ်ထောက်ပံ့မှုတွေကို မြို့နယ်မှူးတွေကတဆင့် ပုံမှန်ထောက်ပံ့နေတဲ့အပြင် အရေးပေါ်လိုအပ်တဲ့ နေရာတွေကိုလည်း သွားရောက်ကူညီနေပေမဲ့ တပြည်နယ်လုံး အတိုင်းအတာနဲ့ ဖြစ်တာကြောင့် တတ်နိုင်သလောက် ခက်ခဲဝေးလံတဲ့ နေရာတွေအထိ သွားရောက်ကူညီမှုတွေလည်း ပြုလုပ်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဒုဌာနမှူးက ပြောပါတယ်။
“လမ်းတအားချော်တယ်၊ တဲတွေဆို မလုံကြတော့ဘူး။ ကလေးတွေရဲ့ ပညာရေးအတွက် ပိုပြီးပူရတဲ့ ကျမတို့ ဒီးမော့ဆိုမှာ တခြားစခန်းတော့မသိဘူး၊ ကျမတို့စခန်းမှာတော့ တလကိုပေါ့နော် တအိမ်ထောင်က လူတဦးအတွက် ဆန်ရယ် ငွေ ၃၀,၀၀၀ ရယ် ကူညီနေတဲ့အဖွဲ့ ရှိတယ်။ ကျန်တာတော့ ဒီလိုပဲ စစ်ရှောင်ဆန်နဲ့ စားရသောက်ရတာပေါ့။ ကလေးတွေ ပညာရေးအတွက်တော့ တအားပူတယ်။ စာသင်တာ တနေရာတည်း သင်လို့မရဘူး။ တဲတွေမှာ အတန်းခွဲသင်ရတာမျိုးပေါ့” လို့ စစ်ဘေးရှောင်ဒေသခံတဦးကလည်း သူမတို့ရဲ့ အခက်အခဲကို ပြောပြလာပါတယ်။
တော်လှန်ရေးကာလ ၃ နှစ်အလွန်ကို ရောက်ရှိလာတဲ့ အချိန်မှာတော့ ကရင်နီပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး မခက်ခဲတဲ့ နွေ၊ ဆောင်းလို ရာသီမှာတောင် အလှူရှင်တွေ ရှားပါးလာပြီး အခုလို မိုးရာသီမှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့် အလှူရှင်တွေက ဝေးလံခေါင်ဖျားပြီး တကယ်လိုအပ်နေတဲ့ နေရာတွေကို မရောက်လာတော့တဲ့အပြင် ကုန်စျေးနှုန်းတွေလည်း အဆမတန် ထိုးတက်လာတာကြောင့် စားနပ်ရိက္ခာ မလောက်ငမှု ပြဿနာတွေဟာ ပိုပြီးတော့ ဆိုးရွားလာခဲ့ပါတော့တယ်။
မိုးရာသီနဲ့အတူ နောက်ဆက်တွဲ အတူတကွပါလာတဲ့ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ငှက်ဖျား စတဲ့ရောဂါတွေအတွက် ဆေးဝါးတွေလည်း စတင်လိုအပ်နေပြီဖြစ်ပြီးတော့ ဆေးဝါးလိုအပ်ချက်တွေဟာလည်း အဓိက အခက်အခဲတွေထဲမှာ ပါဝင်နေတယ်လို့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်ကူညီသူတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဂနိုက်