Home
မြန်မာသတင်း
နေပြည်တော်နှင့် ပြင်ဦးလွင်ကို ကာကွယ်ရန် စစ်ကောင်စီတပ်က  ၃ နေရာခွဲပြီး ခံစစ်ပြင်
DVB
·
June 14, 2024

နေပြည်တော်နဲ့ ပြင်ဦးလွင်ကိုကာကွယ်ဖို့  မန္တလေးတိုင်းမှာ စစ်ကောင်စီက နေရာ ၃ ခုခွဲပြီး ခံစစ်ပြင်နေတယ်လို့ မန္တလေးဒေသခံ PDF တွေက ပြောပါတယ်။

မန္တလေးမြို့မြောက်ဘက် မတ္တရာနယ်၊ မန္တလေးမြို့အရှေ့ဘက် ပြင်ဦးလွင်ပွဲကောက်ရေတံခွန်နဲ့ မန္တလေးမြို့တောင်ဘက် အမရပူရအနီး ဧရာဝတီ မြစ်ရိုးတလျှောက်စတဲ့နေရာ ၃ ခုမှာ စစ်ကောင်စီကတပ်အင်အားတိုးမြှင့်ချထားပြီး ခံစစ်ပြင်နေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီက မတ္တရာနယ်မှာ အင်အားတိုးချတာကတော့ စစ်ကိုင်းတိုင်း ရွှေဘို၊ အရာတော်၊ ဝက်လက်ဘက်ကနေ PDF တွေ ပြင်ဦးလွင်ဖက်မတိုးနိုင်အောင်ရည်ရွယ်တာဖြစ်ပြီး၊ အမရပူရဘက်မှာ အင်အားတိုးချတာကတော့ မြစ်တဖက်ကမ်းစစ်ကိုင်းမြို့နယ်ဘက်ကနေ PDF တွေ မန္တလေးမြို့ဘက်ကူးမလာနိုင်အောင်ကာတာဖြစ်ပါတယ်။

မတ္တရာ PDF ဦးတိုးက "မတ္တရာဘက်အခြမ်းနဲ့ ပြင်ဦးလွင်မြောက်ဘက်အခြမ်းမှာ သွားအားကြီးနေတယ်။ ဒါကတော့ သူတို့ခံစစ်ပြင်ထားတဲ့အနေအထား။ သူတို့မှာလည်း သူတို့သတင်း လက်တံတွေရှိတယ်။ မွေးထားတဲ့အင်ဖော်မာတွေရှိတယ်။ စရဖရှိမယ် စသုံးလုံးရှိမယ် SB ရှိမယ် အဲ့ဒီကနေတဆင့် မွေးမြူထားတဲ့အင်ဖော်မာတွေရှိမယ်။ အဲ့ဒါတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်သူတွေလုပ်ဆောင်နေလဲဆိုတော့ ကြံ့ဖွံ့တော်တော်များများသည် သတင်းပြန်ကြားရေးဆိုတာရှိတယ်။ ပြန်ကြားရေးမှာလုပ်ခဲ့တဲ့ သူတော်တော်များများကလည်းပဲ သတင်းကောက်ယူတယ် တည်ဆောက်တယ်။ လက်ရှိအချိန်မှာ အဝေးပစ်ဟောင်ဝစ်ဇာ သုံးလာတယ်၊  81 မီလီမီတာ လက်နက်ကြီးသုံးလာတယ်၊ ပြီးတော့ လေယာဉ် သုံးလာတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်းမြို့ကြီးတွေ မကျအောင် ခုခံစစ်ပြင်နေသလို တန်ပြန် စုံစမ်းထောက်လှမ်း၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်ပြုလုပ်နေတာပါ။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီလအထိ ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၂၆၀ အထိရှိခဲ့ပြီး ပြည်သူ ၂၄၉၀ သေဆုံးခဲ့တယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ မှတ်တမ်းတွေက ဖော်ပြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီအထိ အနောက်မြောက်တိုင်းစစ်ဒေသ ချင်း၊ စစ်ကိုင်း၊ မကွေးမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၁၄၁ ခုရှိခဲ့ပြီး အရပ်သား ၁၃၅၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဥာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက "ဒီဘက်နောက်ပိုင်း ၂၀၂၄ မှာဆိုရင် ကျနော်တို့ ဘာတွေ တွေ့ရတုန်းဆိုတော့ စစ်ကောင်စီကိုယ်တိုင်က ဒရုန်းတွေသုံးပြီးတော့ ပြန်ပြီးဗုံးတွေကြဲတာတွေ့ ရတယ်ပေါ့ဗျာ။ ဒါတွေက ပိုအန္တရာယ်များလာတာပေါ့နော်။ စစ်ရေးသတိ ရှိဖို့လိုတယ်ပေါ့နော်။ လူထုကိုပညာပေးတာ တဖက်ကလုပ်ဖို့လိုသလို လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ရေးသတိကြီးကြီးထားပြီးတော့ဆောင်ရွက်တာမျိုး လုပ်ဖို့လိုတယ်ပေါ့နော်။ အထူးသဖြင့်တော့ လူစုလူဝေးတွေပါတဲ့ အခမ်းအနားမျိုးတွေ လုပ်တာမျိုးကို ပိုပြီးတော့ဆင်ခြင်ဖို့လိုတယ်လို့ ကျနော်ထင်တယ်။ နောက်တခုကတော့ စစ်ရေးသတင်းကို အတတ်နိုင်ဆုံးလုံခြုံအောင် ထားကြဖို့ပေါ့နော် ဒီလိုဟာမျိုး ပိုအရေးကြီးတယ်လို့ထင်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဧပြီလအထိ ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၇ ခုရှိခဲ့ပြီး ပြည်သူ အယောက် ၆၀ သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၁၂၁ ခုရှိခဲ့ပြီး ပြည်သူ ၁၁၉၅ ယောက်သေဆုံးခဲ့ကာ မကွေးတိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၁၃ ခုရှိခဲ့ပြီး ပြည်သူ ၉၅ ယောက်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေရဲ့ထက်ဝက်ကျော်ဟာ အနောက်မြောက်တိုင်း စစ်ဒေသ ချင်း၊ စစ်ကိုင်း၊ မကွေးဒေသမှာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကတော့ စစ်ရေးအသာစီးရဖို့အတွက် ပြစ်မှုတွေဆက်ကျူးလွန်နေဦးမှာပဲလို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013