Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြရန် နှိုးဆော် 
DVB
·
June 14, 2024
Photo-GSCB

လာမယ့် ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ ပြည်လုံးကျွတ် သံမဏိနှင်းဆီသပိတ်ဆင်နွှဲကြဖို့  အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body - GSCB) က နှိုးဆော်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အာဏာရှင်အဆက်ဆက်ရဲ့ အဓမ္မ ဖိနှိပ်၊ အကျဉ်းချမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးတော့ အခုအချိန်မှာလည်း အာဏာသိမ်း ဖက်ဆစ်တပ်ရဲ့ အဓမ္မ ဖမ်းဆီး အကျဉ်းချခံထားရကာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားတွေထဲက တဦးဖြစ်လိမ့်မယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့်မို့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ ရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲဖြစ်ပြီးတော့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို “သံမဏိ နှင်းဆီ” လို့ ကမ္ဘာက ဂုဏ်ပြုညွှန်းဆိုလေ့ရှိတယ်လို့လည်း GSCB က ပြောပါတယ်။

“ပန်းသပိတ်လို့ ဆိုလိုက်တာနဲ့ အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နား လည်သဘောပေါက်ကြပြီး ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီနီများအပါအဝင် အဆင်သင့်ရာ ပန်းတွေကို ပြည်သူလူထုက ဘုရားပန်းတင်မယ်၊ ပန်ဆင်ကြမယ်၊ အလှပန်းအိုး ထိုးမယ်၊ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်၊ အွန်လိုင်းပေါ် တင်ကြမယ်၊ မြေပြင်မှာလည်း ပန်းသပိတ် လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။”

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အာဏာသိမ်း စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ စွဲချက်တင်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ကျခံနေရတာာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ သူ့ကို အကျဉ်းထောင်ကနေ နေအိမ်တအိမ်ကို ပြောင်းရွှေ့ပေးထား ကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး DVB အနေနဲ့တော့ အခုအချိန်ထိ အ တည်မပြုနိုင်သေးပါဘူး။

“အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိတဲ့ ဖက်ဆစ်တပ်ကြောင့် အခုဆိုရင် မြန်မာပြည်ဟာ လူမှုစီးပွား အစစ အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းကို ပို့မယ့် အဓမ္မ စစ်သားကောက်နေတာ အလယ်၊ မီးမလာ ရေပျက်တာ အဆုံး၊ တိုင်းပြည်မှာ ဘာဆိုဘာမှ ရစရာ မရှိတော့ပါဘူး။ ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင် စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။  မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုံ့ပြန်” ကြမယ်ဆိုတဲ့ ဇွဲနပဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) ပန်းသပိတ် လူထုလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။”

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလ ဟာ ၃ နှစ်ကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ် မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက် ဘက်က ကျဆင်းနေခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ကောက်ယူ ရရှိထားတဲ့ အချက်အလက်တွေအရ ဒီကာလတွေအတွင်း မြန်မာနိုင်ငံတဝန်း စစ်တပ် အကြမ်းဖက်ပစ်ခတ်သတ် ဖြတ်မှုတွေကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ အယောက် ၅,၂၈၀ နီးပါးထိ ရှိလာခဲ့တယ်လို့  ပြောပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ အပါ အဝင် ၂၀,၅၉၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉,၁၉၈ ယောက်က တော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013