အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံလုံးက တဝက်တခြမ်းစီ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ လတ်တလောရက်ပိုင်းအတွင်း လူ ၁၂ ဦး သေဆုံးခဲ့တဲ့ စစ်သွေးကြွတွေနဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ဇွန် ၁၃ ရက်မှာ အိန္ဒိယထိန်းချုပ် ကက်ရှ်မီးယားရဲ့ ဒိုဒါခရိုင်မှာ လုံခြုံရေး တင်းကျပ်ချထားပါတယ်။
ဂျမူးဒေသ ဒိုဒါဒေသမှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက တတိယမြောက် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ရဲအရာရှိတဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရင်ဘတ်နဲ့ ခြေထောက်မှာ ကျည်ဆန်ဒဏ်ရာရထားတဲ့ အိန္ဒိယလုံခြုံရေးအရာရှိရဲ့ အခြေအနေက အခုတော့ တည်ငြိမ်နေပါပြီလို့ အစိုးရဆေးကောလိပ် အကြီးအကဲ ဒေါက်တာ တန်ဗီယာ က ပြောပါတယ်။
ဒီနောက်ဆုံးဖြစ်ရပ်ဟာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မကြာသေးမီရက်တွေအတွင်း လူ ၁၂ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တဲ့ဖြစ်ရပ်အပြီးမှာ ထပ်ကြုံတွေ့ရတာပါ။
ဟိန္ဒူအမျိုးသားရေးဝါဒီ ဘီဂျေပီ ပါတီခေါင်းဆောင် ၀န်ကြီးချုပ် နာရင်ဒြာမိုဒီဟာ သူ့တတိယသက်တမ်းအတွက် တနင်္ဂနွေနေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ဟိန္ဒူဘုရားကျောင်းကို လာရောက်တဲ့ ဘတ်စ်ကားတစီးကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ ဟိန္ဒူဘုရားဖူး ၉ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အင်္ဂါနေ့မှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ စစ်သွေးကြွ ၂ ဦးနဲ့ အရန်တပ်သား ၁ ဦး သေဆုံးခဲ့ပြီး အရပ်သား ၁ ဦးနဲ့ လုံခြုံရေးဝန်ထမ်း ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။
စစ်သွေးကြွတွေရဲ့လှုပ်ရှားမှုတွေဟာ ကက်ရ်ှမီးယား ချိုင့်ဝှမ်းကနေ ဂျမူးဒေသကို ကူးပြောင်းသွားခဲ့ပြီလို့ ဖက်ဒရယ်ဝန်ကြီး ဂျီတန်ဒြာဆင်းန်နဲ့ ဒေသန္တရ လွှတ်တော်အမတ် တယောက်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဘက်ခြမ်း ဂျမူးနဲ့ ကက်ရှ်မီးယားနယ်မြေရှိ ရဲတွေကတော့ အကြမ်းဖက်မှုအတွက် ပါကစ္စတန်ကို ဇွန်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ အပြစ်တင်ခဲ့ပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
Source-Reuters
Photo-Reuters