Home
မြန်မာသတင်း
မဏိပူရရောက် တရားမဝင် မြန်မာ ၄၀ နီးပါးကို နေရပ်ပြန်ပို့
DVB
·
June 13, 2024
မဏိပူအစိုးရက ပြန်ပို့ခဲ့သည့် မြန်မာနိုင်ငံသားများ။ (Photo-Twitter/@NBirenSingh)

အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ မဏိပူရပြည်နယ်မှာ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်ခိုလှုံနေတဲ့ တရားမဝင်နေထိုင်သူ ၄၀ နီးပါးကို နေရပ်ပြန်ပို့လိုက်တယ်လို့ ဟိန္ဒူစတန်တိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့ကို အိန္ဒိယနယ်စပ် မိုရေးမြို့ကနေတဆင့် ပြန်ပို့လိုက်တာဖြစ်ပြီး မှတ်တမ်း ဓာတ်ပုံတွေကို ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းက တွစ်တာလူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။

“ရွှေ့ပြောင်းအခြေချသူတွေကို ပြန်ပို့ခြင်းလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်ရာမှာ မဏိပူရ အစိုးရက မြန်မာနိုင်ငံသား ၃၈ ဦးကို မိုရေးမြို့နယ်စပ်ဂိတ်တဆင့် ဒီကနေ့မှာ ပြန်လည်ပို့ဆောင်ပေးလိုက်ပါပြီ။ အိန္ဒိယအစိုးရ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက မြန်မာအာဏာပိုင်တွေဆီ ဘေးကင်းစွာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။”

လတ်တလောမှာတော့ ပြည်နယ်အစိုးရအနေနဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ရေး ဆက်လက်လုပ်ဆောင်နေပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးရေး သန္နိဋ္ဌာန်ကို ခိုင်ခိုင်မာမာ ချမှတ်ထားသလို နယ်စပ်နဲ့ နိုင်ငံကို လုံခြုံအောင် ထိန်းသိမ်းကြဖို့လည်း ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေ ၃ ရက်ကနေ အခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်အထိ ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၆,၇၄၆ ဦး တွေ့ရှိခဲ့ရတယ်လို့လည်း ပြောပါတယ်။

အခုပို့ဆောင်လိုက်တဲ့ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်နေထိုင်သူ ၃၈ ဦးကို နေရပ်ပြန်လည်ပို့ဆောင်နိုင်ဖို့ အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ မေ ၂ ရက်မှာ အပြီးသတ် လုပ်ဆောင်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းက ဌာနေတိုင်းရင်းသား လူမျိုးတွေကို အကာအကွယ်ပေးတာက သူ့ရဲ့အစိုးရအတွက် အရေးကြီးတယ်လို့ ပြောကြားထားသလို ပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အားလုံးကို တရားဥပဒေနဲ့အညီ သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့မယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူတွေ ပိုပြီးတော့ တိုးပွားလာနေသလို ခရိုင်အတွင်း လုံခြုံရေးတပ်ဖြန့်မှု အားကောင်းစေဖို့အပြင် အုပ်ချုပ်ရေးအဖွဲ့က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဇီဝမှတ်တမ်း အချက်အလက်တွေကို ကောက်ယူဖို့လည်း စတင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013