မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမ ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပြင်းထန်လာတာ၊ လုပ်သားရှားပါးမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေကြောင့် စီးပွားရေးလုပ်ဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ လာမယ့် ၂၀၂၅ နှစ်၊ မတ်လအထိ တနှစ်တာကာလ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးဟာ ၁ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ခန့်မှန်းခဲ့တဲ့ ၂ ရာခိုင်နှုန်းအောက် လျော့နည်းနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က “နေရပ်စွန့်ခွာ ရွှေ့ပြောင်းမှုတွေ၊ အလုပ်အကိုင်ဆုံးရှုံးမှုတွေနဲ့ ဝင်ငွေကျဆင်းမှုတွေ ဖြစ်လာနေခဲ့ပြီး ဆင်းရဲမှု ကျဆင်းရေးအတွက် ဆယ်စုနှစ်တခုစာ ကြိုးပမ်းခဲ့တဲ့ရလဒ်တွေ အကုန် အလဟဿ ဖြစ်သွားရတယ်။ မြန်မာပြည်က အိမ်ထောင်စုတွေအနေနဲ့ ကာလတိုနဲ့ လာမယ့်ကာလလတ်အတွင်း အနည်းငယ် အသက်ရှူချောင်လာနိုင်ဖွယ်ရှိပေမဲ့ စီးပွားရေးတခုလုံးအနေနဲ့ တိုးတက်မှု ခန့်မှန်းချက်ကတော့ အလွန်အားနည်းတဲ့ အနေအထားမှာ ဆက်လက်ရှိနေဦးမယ်” လို့ ပြောပါတယ်။
စီးပွားရေးထုတ်လုပ်မှုဟာလည်း ၂၀၁၉ ခုနှစ်ကရှိခဲ့တဲ့ အနေအထားအောက် ၉ ရာခိုင်နှုန်း ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းထားပြီး ဒါဟာ ဒေသတွင်း တခြားတိုင်းပြည်စီးပွားရေးတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက သိသာထင်ရှားတဲ့ ကွာဟချက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း ဆက်လက်မြင့်တက်နေဖွယ် ရှိတဲ့အတွက် ဆင်းရဲမှုအခြေအနေမှာ မြန်မာနိုင်ငံအနှံ့အပြားမှာ ဆိုးရွားနေမှာဖြစ်ပြီး သွင်းကုန်ပြတ်လတ်မှု၊ လုပ်သားဈေးကွက် မတည်ငြိမ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကလည်း ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အတားအဆီးဖြစ်စေပြီးတော့ ဝင်ငွေကျဆင်းမှုနဲ့ အိမ်ထောင်စုတွေ အသုံးစရိတ် ချွေတာရမှုတွေကလည်း စားသုံးမှုနဲ့ လက်လီ ရောင်းဝယ်ဖောက်ကားရေးအတွက် အတားအဆီးဖြစ်စေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၄ ခုနှစ်အစမှာ နိုင်ငံလူဦးရေရဲ့ ၃၂ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးတဲ့ အခြေအနေကို ရောက်ရှိလာတဲ့အတွက် ၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်လည်ကျရောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကျန်သုံးပုံတပုံသော လူဦးရေဟာလည်း ဆင်းရဲတဲ့ အခြေအနေဆီ ကျရောက်နိုင်ခြေ မြင့်မားနေပြီးတော့ ဆင်းရဲနွမ်းပါးတဲ့ အတိုင်းအတာ နက်နဲမှုနဲ့ ပြင်းထန်မှုဟာလည်း ၂၀၁၅ ခုနှစ်တုန်းက ရှိခဲ့တဲ့ အနေအထားဆီ အလျင်အမြန် ရောက်ရှိလာနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလ မတိုင်ခင်ကာလထက် တိုးလာတဲ့ ဆင်းရဲနွမ်းပါးသူ လူဦးရေမှာ ၇ သန်း ရှိနေတယ်လို့လည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။
အသက်မွေးမှု စီးပွားရေးလုပ်ငန်းတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေအပြင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုတွေနဲ့ ပြည်တွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ရတယ်လို့ တွေ့ရှိရပြီး ၂ဝ၂၄ ခုနှစ်၊ မတ်လအထိ ၆ လတာ ကာလအတွင်း အရင်နှစ် ကာလတူအချိန်နဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်ပို့ကုန် ၁၃ ရာခိုင်နှုန်းနဲ့ သွင်းကုန် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံများဆိုင်ရာ အစီအစဉ် ဦးဆောင်သူနဲ့ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အယ်လန် အဒ်ဝပ်ကတော့ “ကျန်းမာရေးနဲ့ ပညာရေးတို့မှာ ရင်းနှီးမြှုပ်နှံမှု လျော့ကျလာတာ၊ အလုပ်အကိုင် ကျဆင်းတာနဲ့ ကောင်းမွန်တဲ့ အလုပ်တွေ ရှားပါးလာတာ၊ ပြည်ပရွှေ့ပြောင်းတဲ့ လူဦးရေ များလာတဲ့အတွက် ပြည်တွင်း လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးနေရခြင်းက ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးတော့ နှောင့်နှေးစေနိုင်တယ်” လို့ ပြောပါတယ်။