Home
မြန်မာသတင်း
ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် သားအဖ ၂ ဦး ဒဏ်ရာရ၊ ဝိုင်းမော်က စာသင်ကျောင်းများ ယာယီပိတ်
DVB
·
June 13, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဇွန် ၁၂ ရက်က စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သားအဖ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင် အ‌တွင်းရေးမှူး‌နဲ့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ စစ်ကောင်စီ အမှတ် ၃၁၀ အမြောက်တပ်ကနေ ဇွန် ၁၂ ရက် မနက် ၁၀ နာရီကျော်က ပစ်လိုက်တဲ့ လက်နက်ကြီး ၈ လုံးဟာ စစ်ကွင်းရွာနဲ့ အခိုင်ရွာထဲ ကျရောက်ပေါက်ကွဲပြီး စစ်ကွင်းရွာထဲရှိ နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။

အမြောက်တပ် ၃၁၀ ကပဲ နေ့လယ် ၁ နာရီလောက်မှာ လက်နက်ကြီး ၄ လုံးထပ်ပစ်ခဲ့ပြီး ပိန္နဲကုန်းရွာဘေးမှာ ကျရောက်ပေါက်ကွဲခဲ့လို့ ပိန္နဲကုန်းရွာသား ဦးသန်းဦးနဲ့ ရီရီဝင်းတို့ သားအဖ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

KNU သထုံခရိုင် အ‌တွင်းရေးမှူး ပဒိုစောအေးနိုင်က “မနေ့ ၁၀ နာရီလောက်မှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားပစ်လို့ သူတို့ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ ပြန်ပစ်တာ။ ၂ ကြိမ်ပစ်တာ ရွာ ၃ ရွာကို လက်နက်ကြီးကျပြီး သားအဖ ၂ ဦး ဒဏ်ရာရပြီး အိမ် ၃ လုံး ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ကွင်း၊ အခိုင်၊ ပိန္နဲကုန်း၊ သုံခွ၊ ထင်းတဲ နဲ့ မုက္ခမော့ရွာတို့ရှိ လူ ၂,၀၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ခုလက်ရှိ စစ်ရှောင်ရတာက စစ်တပ်က လက်နက်ကြီးပစ်တယ်ဆိုရင် ခဏရှောင်နေပြီး မပစ်တော့ဘူးဆိုရင် ပြန်လာတာ။ တချို့ကျလည်း နေ့ဘက်တွေ ပြန်လာပေမဲ့ ညဘက်တွေကျရင် လက်နက်ကြီးမကျတဲ့ နေရာတွေမှာ သွားနေကြတယ်။ ခု လက်နက်ကြီးကျနေလို့ စစ်ရှောင်နေရတာ ၂,၀၀၀ ကျော်ရှိမယ်ထင်တယ်။”

မွန်ပြည်နယ်အတွင်း မေလက စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးပြီး နေအိမ် ၅၁ လုံး ပျက်စီးခဲ့ကာ လူ ၁၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) စာရင်းအရ သိရပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁၂ ရက်က စတင်ကာ ယာယီပိတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။ နောက်ပြီး မြို့ထဲကိုလည်း လက်နက်ကြီးတွေကျတယ်။ အဲ့ဒါ ကျောင်းတွေက ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ယာယီပိတ်တယ်” လို့ ဒေသခံ ကျောင်းသားမိဘတဦးက ပြောပါတယ်။

အခြေခံပညာကျောင်းတွေကို ဇွန် ၁၂ ရက်မှ ဇွန် ၁၄ ရက်အထိ ယာယီပိတ်မှာဖြစ်ကြောင်း၊ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး နောက်တပတ် တနင်္လာနေ့ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က စတင်  ဖွင့်လှစ်ခဲ့တဲ့ အမှတ် ၁၊  အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွေနဲ့ သာဂရ၊ မိုင်းနား၊ နောင်ချိန်း စတဲ့ ကျေးရွာတွေက အခြေခံပညာကျောင်းတွေဟာ တိုက်ပွဲ အခြေအနေပေါ် မူတည်ပြီး ကျောင်းပိတ်ရက် ထပ်မံတိုးမြှင့်မယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013